ထန်းတပင်  ၁၉   နိုဝင်ဘာ

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်း၍ ဒေသတွင်းလိုအပ်နေသည့် အခြေခံစားသောက် ကုန်ပစ္စည်းများအား စျေးကားအစီအစဉ်ဖြင့် မြို့နယ်များအတွင်းသို့ စျေးနှုန်းသက်သာစွာလှည့်လည် ရောင်းချပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်သို့ စျေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်မှာရှိတဲ့ အများပြည်သူတွေကို စျေးနှုန်းသက်သာပြီးတော့ ပစ္စည်းမှန် ဒေသလိုအပ်တဲ့ ပစ္စည်း၊ ကုန်ပစ္စည်းကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူရရှိနိုင်အောင်လို့ အခုလိုစီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးအပိုင်းမှာ (၁၁)မြို့နယ်ကို လှည့်လည်ရောင်းချတာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် နှစ်ပတ်ကို တစ်ကြိမ်နှုန်းလောက် ရောင်းချရတဲ့ အနေအထားမျိုးဖြစ်ပါတယ်၊ ဒီလို လာရောက် ရောင်းချတဲ့ အတွက်လည်း ဒေသမှာရှိတဲ့ ပြည်သူလူထုဟာ စျေးနှုန်းသက်သာမှုကိုရရှိတာ ဖြစ်ပြီးတော့ မိမိ ဒေသမှာ လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကိုရရှိတာဖြစ်တဲ့အတွက် အများကြီးအဆင် ပြေပါတယ်၊ ကြီးကြပ်တဲ့ အဖွဲ့အနေနဲ့ကလည်း ရောင်းချပေးတဲ့ အစီအစဉ်အပေါ်မှာ အများပြည်သူ အကျိုးကျေးဇူး ရရှိခံစားမြင်တွေ့ရတဲ့အတွက် ဝမ်းသာပိတီလည်းဖြစ်ရပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး (စီမံ)ဦးစိုးဝင်းကရှင်းပြသည်။

 

ထန်းတပင်မြို့နယ်သို့ စျေးကားများဖြင့် လာရောက်ရောင်းချရာတွင်လည်း အသားငါး၊ ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြား ကုန်ခြောက်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး စျေးလာ ရောက်ဝယ်ယူသူများပြားသလို စျေးဝယ်ယူသူများ အဆင်ပြေစေရေးအတွက်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စျေးဝယ်ယူသူများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်းများ မပါရှိပါက နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းကိုလည်း တာဝန်ရှိသူများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)