ပြည်ထောင်စုသားတစ်ဦး

 

အိန္ဒိယသမ္မတနိုင်ငံ Visakhapatnam မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက် အထိ ကျင်းပခဲ့တဲ့ ဒေသတွင်းရေတပ် များ တွေ့ဆုံပွဲ (MILAN-2022) ကို တက် ရောက်ခဲ့တဲ့ မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)ဟာ မတ် ၈ ရက် မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာ ခဲ့ပါတယ်။

 

အဆိုပါဒေသတွင်း ရေတပ်များ တွေ့ဆုံပွဲ (MILAN-2022) ကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက စစ်ရေယာဉ် ၂ စင်း ပါဝင်တက်ရောက် ခဲ့ကြောင်းနှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) ယခုသွားရောက်ခဲ့တဲ့ ခရီးစဉ်အသွား အပြန်က စုစုပေါင်းရေမိုင် ၃၀၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ ဒေသတွင်းမှာ ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ ပါပြီ။ မြန်မာ့တပ်မတော်(ရေ)ဟာ ဆင်ဖြူရှင် အပါအဝင် ဖရီးဂိတ်စစ်ရေယာဉ်များကို ကိုယ်ပိုင် ထုတ်လုပ်လျက် ရှိသလို မင်းရဲသိင်္ခသူနဲ့ မင်းရဲကျော်ထင် အမည်ရှိ ရေငုပ်သင်္ဘောနှစ်စင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မြန်မာ့တပ်မတော် (လေ) က လည်း MIG-29 တိုက်လေယာဉ်များ၊ JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေး၊ Yak-130 အပေါ့စားတိုက်လေယာဉ်များ၊ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအပြင် အလွန်ခေတ်မီတဲ့ SU-30 တာဝေး တိုက်ခိုက်ရေးလေယာဉ်အချို့ကိုလည်း ရုရှားထံမှ ဝယ်ယူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

 

မြန်မာ့ပိုင်နက်နယ်မြေကို ထိန်းသိမ်းကာကွယ်‌စောင့်ရှောက်

 

တကယ်တော့ SU-30 ခေတ်မီတိုက် လေယာဉ်တွေ အားဖြည့်ဝယ်ယူခြင်း မြန်မာ့ပိုင်နက်နယ်မြေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့နဲ့ တပ်မတော် (လေ) ရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ ဒေသတွင်း ခိုင်မာအားကောင်းတဲ့ နည်းဗျူဟာမြောက် လေတပ်အဖြစ် ကြိုးပမ်းတည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဒေသတွင်းနိုင်ငံများကြားမှာတော့ ယခုလို အလွန်ခေတ်မီတဲ့ တိုက်လေယာဉ်မျိုးဆက်ကို မြန်မာက ဝယ်ယူသုံးစွဲနိုင်ခဲ့မှုအပေါ် အံ့သြတုန်လှုပ်ခဲ့ကြတယ်လို့  သိရပါတယ်။

 

mdn

 

ခေတ်မီတပ်မတော်မရှိခဲ့လို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရ

 

အတိတ်ကာလက မြန်မာဟာ ခေတ်မီတပ်မတော်မရှိခဲ့လို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ကိုလိုနီနယ်ချဲ့ ဗြိတိသျှ လက်အောက်မှာ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဖြစ်ခဲ့ရပါတယ်။

 

သို့ကြောင့်မို့ သူ့ကျွန်ဘဝကနေ မြန်မာပြည်လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ရဲ့ အနာဂတ်ကာကွယ်ရေးနှင့် စပ်လျဉ်းပြီး “ကာကွယ်ရေးဘက်မှာ ကြည့်ပါဦး။ အခု ကျွန်တော်တို့မှာရှိတဲ့ စစ်တပ်၊ မြန်မာပြည်မှာ ဆူတာပူတာကို နှိမ်ဖို့လောက်တော့ လုံလောက်တယ်။ သို့သော်လည်း တိုင်းပြည်ကာကွယ်ဖို့ဘက်မှာ ကျွန်တော်တို့စစ်တပ်တွေနဲ့ မလုံလောက်သေးဘူး။ ကုန်းတပ်ဆိုတဲ့စစ်တပ်ဟာ ဘာမှမဖြစ်လောက်သေးဘူး။ ရေတပ်ဆိုတာက ဟန်ပြရေတပ်ပဲ ရှိသေးတယ်။ တကယ့် တကယ် ဘာမှတိုင်းပြည်ကို မကာကွယ်နိုင်သေးဘူး။ လေတပ်ဆိုတာ အခုမှ စ,တုန်းရှိသေးတယ်။ လေတပ်ဆိုလို့ရှိရင် ဒီတိုင်းပြည်မျိုးမှာရှိတဲ့ လေတပ်မျိုးမှာ အဖျင်းဆုံး လေယာဉ်ပျံငါးရာ (First Line Plane) ရှိရမယ်။ အနည်းဆုံးစစ်ဖြစ် ဖြစ်ချင်း လေယာဉ်ပျံ ငါးရာလောက် ရှိမှ ဖြစ်မယ်။

 

မြန်မာပြည်လွတ်လပ်ရေးရတဲ့အခါ မြန်မာပြည်ကာကွယ်ဖို့ရာ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ မြန်မာပြည်မှာ စစ်သားတွေ လိုလာမယ်။ အဲဒီအခါ မြန်မာတိုင်းအရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနဲ့ပြည့်စုံသူတိုင်း စစ်မှုထမ်း ဖို့လုပ်ရမယ်။ ခင်ဗျားတို့ တိုက်ချင်တိုက်။ မတိုက်ချင်လည်း တိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန်ကျေမယ်” ဆိုပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက် ရန်ကုန်မြို့ မြို့တော်ခန်းမ လေသာဆောင် ကနေ ပြည်သူလူထုကြီးကို နောက်ဆုံးမိန့်ခွန်းအဖြစ်ပြောကြားစဉ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

တပ်မတော်တစ်ခုတည်းရယ်

 

သို့ပေမယ့် မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေးရတဲ့အခါမှာ ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ဖို့ နေနေသာသာ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် လွတ်လပ်ရေးနဲ့အတူ ယှဉ်တွဲ ပေါ်ပေါက်လာတဲ့ ပြည်တွင်းသောင်းကျန်းမှုရန်ကို တက်သုတ်ရိုက်ခုခံ ကာကွယ်ခဲ့ရပါတယ်။ လက်နက်ကိုင် သူပုန်သူကန် အဖွဲ့အစည်းတွေက များလွန်းလှလို့ ထိုခေတ်သတင်းစာတွေက “ရောင်စုံသူပုန်” လို့သာ သိမ်းကျုံးအမည် ပေးနိုင်တယ်။ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ရရှိပြီးသား လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေဖို့၊ တိုင်းပြည် အစိတ်စိတ်အမြွာမြွာ မပြိုကွဲဖို့ ရှေ့တန်းကနေရင်မြေကတုတ် ခုခံတိုက်ခိုက်ကာ ကွယ်ပေးနေတဲ့ အဖွဲ့အစည်းကတော့ တပ်မတော်တစ်ခုတည်းရယ်။

 

ထိုတပ်မတော်အနေနဲ့လည်း ရောင်စုံသူပုန်တို့ထက် လူအင်အား၊ လက်နက်၊ ခဲယမ်းကအစ အစစအရာရာ ချို့တဲ့ခဲ့ပါတယ်။ ထိုခေတ် သေနတ်ကိုင်တပ်ခွဲ တစ်ခွဲမှာရှိရမယ့် ဘရင်းစက်သေနတ် ကိုးလက်အစား အများဆုံးပေးနိုင်မှ ခြောက်လက်၊ ဟောင်းနွမ်းလှပြီဖြစ်တဲ့ အမှတ်သုံး၊ အမှတ်လေး အင်္ဂလိပ်ရိုင်ဖယ်များပင် အလုံအလောက်မရှိလို့ ရဲတပ်သားများ ကိုင်ဆောင်လေ့ရှိတဲ့ ဂရင်းနားဂန်း (ခေါ်) တစ်လုံးထိုး သေနတ်တွေ ကို ဖြည့်စွက်ကိုင်ဆောင် တိုက်ပွဲဝင်ခဲ့ ကြရပါတယ်။

 

စစ်လက်နက် ခဲယမ်းတွေသာ မဟုတ်၊ အဝတ်အစား၊ တန်ဆာပလာတွေမှာလည်း ဆင်းရဲခဲ့ကြရှာတယ်။ ရေဘူး၊ ခါးပတ်၊ လှံစွပ်၊ သံခမောက်တွေက ရှားပါးပစ္စည်းများဖြစ်ခဲ့ပြီး လိုအပ်တာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရန်ကုန်မြို့ တရုတ်တန်းက ဝယ်ယူကိုင်စွဲခဲ့ကြရတယ်။

 

ထိုခေတ် ထိုအခါက မြန်မာ့ တပ်မတော်ရဲ့ အခက်အခဲနဲ့ ပတ်သက် ပြီး ဗိုလ်မှူးကြီး (ဟောင်း) တင်မောင်က “မုန်တိုင်းလွန်သော်” စာအုပ်မှာ “ဤမျှလောက်လိုအပ်နေသည်တို့ကို အဘယ်ကြောင့် ပြင်ပနိုင်ငံတို့သို့ သွားရောက် မဝယ်ယူခဲ့ပါသလဲ။ တိုင်းပြည်တွင် ပိုက်ဆံကြေးငွေမရှိ၍ပါလား။ မေးစရာ ရှိသည်။ ထိုမေးခွန်းတို့သည် လွယ်သယောင် ယောင်ရှိသလောက် အဖြေကတော့ မလွယ်ပါ။ တိုင်းပြည်တွင် ပိုက်ဆံငွေကြေး ရှိပါသည်။ ပြင်ပသို့လည်း ထွက်၍ ဝယ်ပါသည်။ သို့ရာတွင် လိုသလောက်မရပါ။ မရှိ၍တော့ မဟုတ်၊ ရှိလျက်နှင့်ပင် ဝယ်၍မရခဲ့ခြင်းဖြစ်သည်။ ဤကား လွတ်လပ်စ နိုင်ငံလေးတစ်ခုသည် နိုင်ငံကြီးတို့၏ နည်းပရိယာယ် အကွေ့အကောက် အလှည့်အပတ်တို့နှင့်ရင်ဆိုင်ရခြင်းပင်ဖြစ်သည်။

 

မိမိအကျိုးကိုသာဦးစားပေးကြည့်တတ်ကြ

 

နိုင်ငံတိုင်းသည် မိမိအကျိုးကိုသာ ဦးစားပေးကြည့်တတ်ကြသည်မှာ ဓမ္မတာ ဖြစ်သည်။ ကျွန်တော်တို့၏ ဝါဒနှင့် လုပ်ရပ်တို့သည် ထိုနိုင်ငံကြီးတစ်ခုအဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်မည်ဆိုပါက ကျွန်တော်တို့ လိုအပ်သော စစ်ပစ္စည်း လက်နက်ခဲယမ်း မီးကျောက်တို့ကို သူတို့ထံမှ ပိုက်ဆံပေးဝယ်ယူရန်ပင်မလို။ လေယာဉ်ပျံတို့ကို ယူပါမည်လား၊ သူတို့သည် လိုလိုလားလား အလကားပေးကြပါလိမ့်မည်။ သို့ရာတွင် သူတို့ကိုတော့ ငြိုငြင်အောင် မလုပ်လိုက်ပါလေနှင့် အကြောင်းကြောင်း အမျိုးမျိုးတို့ကိုပြပြီး ဝမ်းနည်းပါသည်။ မရောင်းနိုင်သေးပါ၊ ရောင်းစရာမရှိပါ ဟုပြောပါလိမ့်မည်။ မလွှဲသာ၍ ရောင်းလိုက်စေကာမူ ကျွန်တော်တို့၏ စရန်ကိုသာ လက်ခံယူလိုက်ရပါမည်။ ပစ္စည်းတို့ကိုတော့ အချိန်ဆွဲပြီး နည်းနည်းချင်းသာ လီ၍ ပို့ပေးပါလိမ့်မည်။

 

ထိုအချိန်က ကျွန်တော်တို့သည် ဤအဖြစ်မျိုးကို ကြုံခဲ့ကြရသည်။ တန်ဖိုးကြီးစွာပေး၍ သင်ခန်းစာကို ရယူ လိုက်ကြရပါသည်။ မိမိကိုယ်မှတစ်ပါး အခြားအားကိုးရာမရှိ။ ကျွန်တော်တို့သည် ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးကြရပါမည်။ ကိုယ့်အင်အားသည် ကိုယ့်ပြည်တွင်းမှာသာရှိသည် ဆိုသောအချက်ကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ကြရပါသည်။ ထွေးတော်သည် အမေရင်းလောက်တော့ဖြင့် မည်သို့မှ မကောင်းနိုင်ပါ” စသည်ဖြင့် မှတ်တမ်းတင်ရေးသားခဲ့ပါတယ်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကလည်း “၁၉၄၈ ခုနှစ် ၁၉၄၉ ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင် ဒို့မှာ စဖွဲ့ကတည်းကိုက တပ်ရင်း ဆယ်ရင်းနဲ့၊ အဲဒီအတွက်သာ ဒို့မှာ လက်နက်ရှိတယ်၊ နည်းနည်းပါးပါးပဲ ရှိတယ်။ ရေတပ်၊ လေတပ်ဆိုတာဟာ လေယာဉ်ပျံက တိုက်ဂါးမောက် (Tigermouth) နဲ့ ချစ်မန့်ခ် (Chipmunk) တို့ ဒီလောက်ပဲရှိတယ်။ ရေတပ်မှာလည်းပဲ “မေယု” တစ်စင်းတော့ ရှိတယ်ပေါ့လေ။ ကြီးကြီးထဲက၊ ကျန်တာတွေကတော့ အမ်အယ် (M.L) ရှစ်စင်းလား၊ ဆယ်စင်းလား ဒါပဲရှိတယ်။ ရေတပ်တို့၊ လေတပ် တို့ဆိုတာကတော့ ဒို့မှာတိုးဖို့ ငွေလည်းမရှိ၊ ရှိတာနဲ့ပဲ တိုက်ကြတယ်” လို့ ၁၉၆၈ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ တပ်မတော်တပ်မှူးများ ညီလာခံမှာ ပြန်ပြောင်းသတိတရ ပြောကြားခဲ့ပါတယ်။

 

ရှိတဲ့အားနဲ့ တွန်းလှန်တိုက်ခိုက်

 

အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ ထောက်ပံ့မှုနဲ့ မြန်မာ့မြေပေါ်ကို ကျူးကျော်တပ်စွဲလာတဲ့ တရုတ်ဖြူတပ်တွေကို ရင်ဆိုင်ခဲ့ရစဉ်မှာလည်း မြန်မာ့တပ်မတော်ဟာ ရှိတဲ့အားနဲ့ ကိုယ့်အားကိုယ်ကိုးလို့ တွန်းလှန် တိုက်ခိုက်ခဲ့ရပြန် ပါတယ်။

 

တပ်မတော် (လေ) မှ အော့စဖို့ (Oxford) ဆီးဖြူရီ(Seafury) လေယာဉ်များက ရန်သူစခန်းများကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တီထွင်ထားတဲ့ ဗုံးများနဲ့ သွားရောက်တိုက်ခိုက်ကြရတယ်။ ဒါကိုတာ လေယာဉ်နဲ့ တပ်မတော် (ကြည်း) ရှေ့တန်းစခန်းတွေကို ရိက္ခာချပေးရတယ်။ တပ်မတော် (ရေ) က ရဲဘော်တွေက နမ့်စန်လေယာဉ်ကွင်းကို လေယာဉ်ပစ် စက်အမြောက်အများနဲ့ ကာကွယ်စောင့်ရှောက် ပေးခဲ့ရပါတယ်။

 

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ တော့ ဝမ်ပန်ဆန်းစခန်းရှိ ကူမင်တန်တပ်များအတွက် လေယာဉ်ဖြင့် လက်နက်ရိက္ခာများ ပို့ပေးနေတဲ့ လေယာဉ်ကို ခြေရာခံမိပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ တပ်မတော် (လေ)က ဆီးဖြူရီတိုက် လေယာဉ်သုံးစင်းကို စေလွှတ်ခဲ့ပါတယ်။

 

ရန်သူရဲ့ ထောက်ပံ့ရေး လေယာဉ် ကြီးက ညနေ ၄ နာရီဝန်းကျင်ခန့်မှာ ဝမ်ပန်ဆန်းအနီးသို့ ရောက်ရှိလာခဲ့ရာမှ တပ်မတော်(လေ) က လေသူရဲများက လေယာဉ်ကြီးကိုစတင်ဆက်သွယ်ခဲ့ပေ မယ့်လည်း တစ်ဖက်မှ စတင်ပစ်ခတ်ရာ မှ အပြန်အလှန် ပစ်ခတ်ကြရာကနေ ဗိုလ်ပီတာမောင်းနှင်တဲ့ ဆီးဖြူရီတိုက် လေယာဉ်ဟာ ရန်သူ့ကျည်သင့်ပြီး တစ်ဖက်ထိုင်းနိုင်ငံနယ်နိမိတ်ထဲထိုးကျ သွားခဲ့ ပါတယ်။ ရန်သူရဲ့ ထောက်ပံ့ ရေးလေယာဉ်ကြီးဟာလည်း မီးစွဲလောင်ပြီး ထိုင်းနယ်စပ်ထဲမှာပဲ ပျက်ကျသွားခဲ့ပါတယ်။ ဗိုလ်ချစ်ခိုင်ရဲ့ တိုက်လေယာဉ်ကတော့ အမြီးပြတ်ထွက်သွားခဲ့ပေမယ့် ဗိုလ်မောင်သိန်းက လိုက်လံစောင့်ရှောက်ပြီး တွဲခေါ်ပေးခဲ့လို့ ကျိုင်းတုံလေယာဉ် ကွင်းကို ဝမ်းဗိုက်နဲ့ ရှပ်ကာ ဆင်းသက် နိုင်ခဲ့ပါတယ်။

 

မြေပြင်က တပ်မတော် (ကြည်း) တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ကလည်း တစ်ဖက်နိုင်ငံ နယ်နိမိတ်ကို ကျောပေး အခြေပြုထားတဲ့ ရန်သူ့တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရာမှာ ကနဦးပိုင်းမှာ ထိရောက်တဲ့ လေကြောင်းပစ်ကူ မရရှိခဲ့ကြပါဘူး။ အော့စဖို့နဲ့ ဆီးဖြူရီလေယာဉ်များဟာ တိုက်လေယာဉ်လို့သာ ဆိုပေမယ့် ရော့ကတ် ပစ်လွှတ်တိုက်ခိုက်ဖို့ရာမှာတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ တပ်မတော် (လေ) က အရာရှိကြီး ဗိုလ်မှူးခင်ဟာ ဆီးဖြူရီ တိုက်လေယာဉ်နဲ့အတူ ရော့ကတ်ပစ်လွှတ် စမ်းသပ်ရင်း လေယာဉ်ပျက်ကျပြီး ကျဆုံးခဲ့ရရှာပါတယ်။ နောက်ပိုင်းမှာ တရုတ်ဖြူ၊ တပ်စခန်းတွေကို လေယာဉ်ပေါ်ကနေ ရော့ကတ်ပစ်လွှတ်ပြီး တိုက်ခိုက်နိုင်ဖို့အစ္စရေးလေတပ်က လေလံပစ်တဲ့ စစ်ကျန် စပစ်ဖိုင်းယားတိုက်လေယာဉ် အဟောင်းအချို့ကို လေလံဆွဲဝယ်ယူခဲ့ရတယ်လို့ ဗိုလ်မှူးအောင်မြတ် (တပ်မတော်-လေ)ရဲ့ သားဖြစ်သူဇာနည် မောင်က “ဒို့နိုင်ငံကို လာမထိနဲ့” စာအုပ် မှာ ဖော်ပြခဲ့ပါတယ်။

 

မြန်မာ့ရေပြင်ပိုင်နက်မှာကျူးကျော်ဝင်ရောက်

 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာလည်း မြန်မာ့တပ်မတော်ဟာနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဒေသတွင်း နိုင်ငံများနဲ့ယှဉ်ရင် အစစအရာရာ ချို့တဲ့နေပါသေးတယ်။ တစ်ဖက်နိုင်ငံက တရားမဝင် ငါးခိုးဖမ်းတဲ့စက်လှေတွေ၊ မှောင်ခိုစက်လှေတွေဟာ မြန်မာ့ရေပြင်ပိုင်နက်မှာ ကျူးကျော်ဝင်ရောက် ကျက်စားနေဆဲပါ။

 

၁၉၈၈ ခုနှစ် နောက်ပိုင်း နဝတ၊ နယက တပ်မတော်အစိုးရခေတ်မှာတော့ ပြောင်းလဲလာတဲ့ မျက်မှောက် ကမ္ဘာ့အခြေအနေများအရ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ကဏ္ဍအလိုက် အချိန်ယူ တည်ဆောက်လာခဲ့ပါတယ်။ အနာဂတ်မှာ တပ်မတော် (ရေ) ရေငုပ်သင်္ဘောတပ်ဖွဲ့ ထူထောင် နိုင်ဖို့၂၀၀၅ ခုနှစ်ကတည်းက စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့သလို တပ်မတော် (လေ) အတွက်လည်း ဂျက်တိုက်လေယာဉ် အချို့ကို ဝယ်ယူဖြည့်တင်းခဲ့ပါတယ်။

 

ဖရီးဂိတ်အပါအဝင် စစ်ရေယာဉ်တို့ကိုလည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်ခဲ့

 

မျက်မှောက် ကာလမှာတော့ တပ်မတော် (ရေ) ဟာ ဆိုခဲ့ပါအတိုင်း မင်းရဲသိင်္ခသူနဲ့ မင်းရဲကျော်ထင် ရေငုပ်သင်္ဘောနှစ်စင်း တပ်တော်ဝင်နိုင်ခဲ့သလို ဖရီးဂိတ်အပါအဝင် စစ်ရေယာဉ်တို့ကိုလည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်ခဲ့ပါပြီ။ တပ်မတော်(လေ) ဟာလည်းလက်ရှိ ကာလမှာ ခေတ်မီ ဂျက်တိုက်လေယာဉ်များအပြင် SU-30 ခေတ်မီမျိုးဆက် တိုက်လေယာဉ်များနဲ့ပါ မြန်မာ့ဝေဟင်မှာ ဝင့်ထည်စွာ ပျံသန်းနိုင်တော့မှာပါ။

 

မြန်မာဟာ ဒေသတွင်းမှာဘာကြောင့် ခေတ်မီတပ်မတော်တစ်ရပ်ကို တည်ဆောက်နေရပါသလဲ။ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ တည်ရှိနေသလို ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့အပြင် မျက်မှောက်ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ ခါးသီးလှတဲ့ အတိတ်သမိုင်း သင်ခန်းစာများအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်လို့ ခံယူပြီး တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကစလို့ တပ်မတော်ခေါင်းဆောင် အဆက်ဆက်ဟာ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ကြိုးပမ်းတည်ဆောက်နေရခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။