ဘေရွတ်  မေ  ၄

ဒေသတွင်းပဋိပက္ခများ  ပြင်းထန်လာမှုကြောင့် အာရပ်‌ဒေသတစ်ခွင်ရှိ  ပညာရေးကဏ္ဍ   အကြီးအကျယ်ထိခိုက်နေရပြီး ကလေးငယ် သန်း ၁၀၀ ကျော်၏ ပညာသင်ကြားခွင့်ကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း  ယူနက်စကိုက  မေ  ၄ ရက်တွင် သတိပေးခဲ့သည်။

ယူနက်စကို၏ အစီရင်ခံစာအရ ပဋိပက္ခများသည် အနည်းဆုံး အာရပ်နိုင်ငံ ၁၅ နိုင်ငံရှိ ပညာရေးစနစ်များအပေါ်  သက်ရောက်မှုရှိနေပြီး ကျောင်းပိတ်ခြင်း၊ ကျောင်းဝင်ခွင့်လျှော့ချခြင်းနှင့် အဝေးသင်စနစ်သို့ ပြောင်းလဲခြင်းတို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ် ၅၂ သန်းခန့် ပညာသင်ကြားခွင့်ကို ထိခိုက်မှုများ   ကြုံတွေ့နေရကြောင်း သိရသည်။ ထို့အပြင် ပဋိပက္ခမဖြစ်ပွားမီကတည်းကပင်   ကလေးငယ်  သန်း  ၃၀  နီးပါး ကျောင်းထွက်နေခဲ့ပြီးဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသ၌ ပညာရေးစနစ် လုံးဝနီးပါးပြိုကွဲလုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီး  စာသင်ကျောင်းများ၏   ၉၇  ဒသမ   ၅ ရာခိုင်နှုန်းခန့်မှာ  ပျက်စီး သို့မဟုတ် ဖျက်ဆီးခြင်းခံထားရကာ   ကလေးငယ်   ၆၃၇၀၀၀   ကျော် ကျောင်းတက်ခွင့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံတွင်လည်း စာသင်ကျောင်း ၁၁၀၀ ကျော်ကို အများပြည်သူခိုလှုံရေးစခန်းများအဖြစ် အသုံးပြုနေပြီး ကျောင်းပေါင်း ၅၇၀ ခန့် ပိတ်ထားရသဖြင့် ကလေးငယ်  ၂၄၀၀၀၀ ခန့်၏ ပညာရေးမှာ အဟန့်အတားများ ဖြစ်ပေါ်ခဲ့ရသည်။

ယခုအခြေအနေကြောင့် ပညာရေးကဏ္ဍတွင် အရေးပေါ်စနစ်များနှင့် အဝေးသင်ပုံစံများကို အသုံးပြုနေရပြီး ပညာရေးအရည်အသွေးနှင့် သင်ယူခွင့် မညီမျှမှုများဖြစ်ပေါ်နေကြောင်းလည်း ဖော်ပြထားသည်။  ထို့အပြင် ကျောင်းသားများအကြား စိတ်ပိုင်းဆိုင်ရာဖိအားများ  မြင့်တက်လာခြင်း၊ ရေရှည်ပညာသင်ယူခွင့်ဆုံးရှုံးခြင်းနှင့် ကျောင်းထွက်နှုန်းတိုးလာနိုင်ခြင်းတို့ကိုလည်း  စိုးရိမ်ရသည်ဟု ယူနက်စကိုက ဆိုသည်။

ဆီးရီးယားနိုင်ငံတွင် လက်ဘနွန်မှ နေရပ်ပြန်သူများတိုးလာခြင်းကြောင့်  မူလကတည်းက အားနည်းလျက်ရှိသည့်  ပညာရေးစနစ်ကို  ထပ်မံဖိအားဖြစ်ပေါ်ခဲ့ရသည်။  ပြန်လာသူများအတွက် အရေးပေါ်ပညာရေးလိုအပ်ချက်များ များပြားလျက်ရှိကြောင်း၊ သို့သော် စာသင်ကျောင်းများ၌ ကျောင်းသားများ ပြည့်နှက်နေပြီး တချို့ကျောင်းများကို ခိုလှုံရေးစခန်းများအဖြစ် အသုံးပြုနေရသည့်အတွက် ကျောင်းသားများအဖို့ ကျောင်းပြန်တက်နိုင်ရန် အခွင့်အရေးနည်းပါးလျက်ရှိသည်။

ဤသက်ရောက်မှုများသည် ပဋိပက္ခဒေသများကို ကျော်လွန်ကာ အခြားနိုင်ငံများသို့လည်း ပျံ့နှံ့လျက် ရှိသည်။ အီရတ်နိုင်ငံတွင် ကျောင်းသား နှစ်သန်းခန့်အား သင်ကြားပေးနေသော စာသင်ကျောင်း ၇၅၀၀ ခန့်ကို အွန်လိုင်းစနစ်သို့ ပြောင်းလဲထားပြီး ပင်လယ်ကွေ့နိုင်ငံများတွင်လည်း ယာယီ ကျောင်းပိတ်ခြင်းနှင့်   အဝေးသင်စနစ်များအသုံးပြုကာ ကြိုတင်အစီအမံများ  ပြုလုပ်ကျော်လွှားနေကြသည်။

လက်ရှိအခြေအနေများကို အရေးယူဖြေရှင်းခြင်းမပြုပါက ဒေသတစ်ခုလုံးတွင် ပြန်လည်ပြုပြင်၍ မရနိုင်သည့် လူသားအရင်းအမြစ်များ အကြီးအကျယ်ဆုံးရှုံးနိုင်ပြီး ပညာသင်ကြားခွင့်မရရှိသော   မျိုးဆက်တစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း ယူနက်စကိုက သတိပေးထားသည်။ 

ဆင်ဟွာ