၁၈ ဇွန်

 

ဇွန်လ ၁၆ ရက်နေ့က ဗန်ကောက်မြို့တွင် (၈) ကြိမ်မြောက် ဧရာဝတီ၊ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (ACMES) တစ်ရပ်ကျင်းပခဲ့သည်။မြန်မာ၊ က္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များ ဒေသတွင်းသယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများ လိုက်ဖက်စေရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးတို့ကို အဓိကထားသည့် ငါးနှစ်စီမံကိန်းတစ်ရပ်ကို အတည်ပြုခဲ့ကြသည်။

 

ACMES ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုထိရောက်မှုရှိအောင်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ပြီးခဲ့သည့် (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ACMECS Master Plan (2019-2023) ကို ထိုင်းနိုင်ငံက ရေးဆွဲ အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်ကို ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ရာ ဒေသတွင်း စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဟု ဆိုရမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းအရ အဓိကအားဖြင့် လမ်းပန်း ဆက်သွယ်ရေးကို ဦးစားပေး လုပ်ဆောင်ရန်ဖြစ်သည်။ စီမံကိန်းတွင် အရှေ့-အနောက်စင်္ကြံနှင့် တောင်ပိုင်းစီးပွားရေးစင်္ကြံဟူ၍ လမ်းကြောင်းနှစ်ခု ပါဝင်ပါသည်။ အရှေ့အနောက်စင်္ကြံသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှစတင်ပြီး လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်း၍ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ပေါက်သော လမ်းဖြစ်သည်။ တောင်ပိုင်းစီးပွားရေးစင်္ကြံသည် ဗီယက်နမ်နိုင်ငံ Vang Tao မြို့မှစတင်ကာ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံထားဝယ်မြို့သို့ ပေါက်မည်ဖြစ်ပါသည်။

 

ဤစင်္ကြံလမ်းများသည် တောင်တရုတ်ပင်လယ် ဆိပ်ကမ်းမြို့များမှအက်ဒမန် ပင်လယ်ဆိပ်ကမ်းမြို့များ သို့ ယခင်က မလေးရှားကျွန်းဆွယ်ကိုပတ်၍ V ပုံသဏ္ဌာန် သွားရသော အလွန်ရှည်လျားသည့် ရေလမ်းခရီးကို များစွာသက်သာစေမည် ဖြစ်သည်။ ယခုလမ်းကြောင်းများသည် ဗီယက်နမ်ကမ်းခြေမြို့များမှ မြန်မာနိုင်ငံ ကမ်းခြေမြို့များအထိ လက်ရှိ၅ ရက်ကြာ သွားရသောခရီးကို နာရီ ၃၀နှင့် အရောက်သွားနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဤစင်္ကြံလမ်းစီမံကိန်းများကို ဒေသတွင်း ၅ နိုင်ငံ၏ ကိုယ်ပိုင်ရင်းနှီးမတည်မှုဖြင့် အဓိကဆောင်ရွက်မည် ဖြစ်ရာ ပြင်ပနိုင်ငံများ၏ မှီခိုမှုကင်းသော စီမံကိန်းလည်း ဖြစ်လာပါလိမ့်မည်။ စီမံကိန်းအကောင်အထည်ဖော် ရေးအတွက် ယခုဒုတိယနှစ်ဝက်ကာလတွင် ဒေသတွင်း ၅ နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ၍ အသေးစိတ်ဆွေးနွေးမည်ဟု သိရသည်။ စီမံကိန်း၏ ကနဦးမတည်ငွေကို ဒေသတွင်းနိုင်ငံများမှ စိုက်ထုတ်ပြီး ဤအဖွဲ့မှ ဂျပန်ဦးစီးသော အာရှဖွံ့ဖြိုးရေးဘဏ်၊ တရုတ်နိုင်ငံမှ ဦးစီးသော အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(AIIB) အပြင် အခြားသော အဖွဲ့အစည်းများကိုလည်း ပါဝင်ရန်ဖိတ်ကြားမည်ဖြစ်ပြီး ဒေသပြင်ပမှ နိုင်ငံများကလည်း ပါဝင်ရန် ဆန္ဒရှိကြသည်ဟု သိရသည်။

 

ဤဒေသအတွင်း မဲခေါင်အမည်ပါဝင်သော စီမံကိန်းအချို့ရှိခဲ့သည်။ မဟာမဲခေါင်ဒေသ စီးပွားရေး စင်္ကြံ (GMS)၊ လန်ချန်းမဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (LMC)၊ မဲခေါင်အောက်ခြမ်း ဖွံ့ဖြိုးရေးစီမံကိန်း(LMI) စသည်ဖြင့် စီမံကိန်းများကို တရုတ်နိုင်ငံ ရန်ပုံငွေစိုက်ထုတ်မှု၊ အမေရိကန်ရန်ပုံငွေ စိုက်ထုတ်မှုများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ယခုစီမံကိန်းကိုမူ ပြည်ပချေးငွေမပါဝင်ဘဲ စတင်မည်ဖြစ်ရာ အနှောင်အဖွဲ့ ကင်းသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်လာမည် ဖြစ်ပါသည်။

 

ယခု ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ တက်ရောက်ခဲ့ပြီး ‘Master Plan ၏ မဏ္ဍိုင်(၁)တွင် အဆိုပြုထားသည့်အတိုင်း လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ အခြေခံအဆောက် အအုံများကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စီးပွားရေးစင်္ကြံများဖြစ်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ၊ တောင်ပိုင်းစီးပွားရေးစင်္ကြံများတွင် အဆက်ပြတ် နေသည့် နေရာများကို ဆက်သွယ်ပေးမည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရေးကို အလေးပေးဆောင်ရွက် လျက်ရှိကြောင်း’ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ယခုထိပ်သီးအစည်းအဝေးကျင်းပသည့် ရည်ရွယ်ချက်များနှင့်အညီ ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်နိုင်ငံများ၏ အစိုးရ၊ ပုဂ္ဂလိကနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများက အဖွဲ့ဝင်နိုင်ငံများ၏ တစ်နိုင်ငံချင်းသာမက ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုများကိုပါ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း တင်ပြရပါသည်။ ။