ဒီးမော့ဆို ၃ ဒီဇင်ဘာ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဒေါတမကြီးကျေးရွာ လူငယ်ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးထွန်းလှအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပေးအပ်ပွဲတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဘော့စ်ကို က အမှာစကား ပြောကြားရာတွင် လယ်ယာမြေကို အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် အသုံးချလုပ်ကိုင်နေသော တောင်သူလယ်သမားများအနေဖြင့် သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံချက်ရရှိအောင် လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးလျက်ရှိကြောင်း၊ ဒီးမော့ဆိုမြို့နယ် တွင် ၂၀၁၂ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ ထွက်ရှိပြီးနောက်ပိုင်း တောင်သူပေါင်း ၂၀၄၁၂ ဦးကို ပုံစံ(၇) ထုတ်ပေးလျက်ရှိပြီး ဒေါတမကြီးကျေးရွာအုပ်စုတွင် တောင်သူပေါင်း ၁၁၂၄ ဦး ပါဝင်ကြောင်း၊ ယနေ့တွင် တောင်သူပေါင်း ၁၂၆ ဦးကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထပ်မံပေးအပ်သွားမည်ဖြစ်ပြီး ပုံစံ(၇) ရရှိသူများ အနေဖြင့် လယ်ယာမြေကို အကျိုးရှိရှိ အသုံးချကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေါဖာကျေးရွာ တွင် တောင်သူ ၁၀ ဦး၊ ဒေါကော့ကျေးရွာတွင် တောင်သူ ၆၀ ဦး၊ ဒေါဆိုဖျကျေးရွာ တောင်သူ ၅၆ ဦး စုစုပေါင်း တောင်သူ ၁၂၆ ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ကို ပေးအပ်ပြီး ဒေသခံတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)