ပခုက္ကူ ၂၄ ဒီဇင်ဘာ
ရေစကြိုမြို့၊ ဒေါ်ဦးဘိုးဘွားရိပ်သာ ၁၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီက အဆိုပါ ရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေါ်ဦးဘိုးဘွားရိပ်သာနာယက မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်ကျော်မင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူး ဒေါ်ချိုပြုံးက ဘိုးဘွားရိပ်သာ အစဉ်တည်တံ့ ခိုင်မြဲရေး အကြံပြုစကား ပြောကြားပြီး ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးမြင့်သိန်းက ကျေးဇူးတင်စကား ပြောကြားသည်။၁၅ နှစ်ပြည့် အခမ်းအနားတွင် အလှူငွေများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခြင်း၊ ဒေါ်ဦးဘိုးဘွားရိပ်သာ တည်ထောင်သူ ဦးအောင်သန်း နှင့် အဂ္ဂမဟာသိရီသုဓမ္မသိင်္ဂီ ဒေါ်ခင်သန်းဦး (ကံပွင့်မိသားစု) တို့က အာဟာရပဒေသာပင်အတွက် ၂၅ သိန်းကျပ်၊ ကံပွင့်မိသားစု သားသမီးမြေးများမှ ဆေးပဒေသာအတွက် ကျပ်သိန်း ၄၀၊ အဘိုးအဘွားတို့အား အိပ်ယာခင်းနှင့် ခြုံစောင်များ လှူဒါန်းခြင်း၊ အုပ်ချုပ်မှုကော်မတီတို့အား ဂုဏ်ပြုဝတ်စုံများချီးမြှင့်ခြင်း၊ ဘိုးဘွားရိပ်သာ ဝန်ထမ်းများအား အိပ်ယာခင်းနှင့် ခြုံစောင်များ ချီးမြှင့်ခြင်း၊ လစဉ် အလှူငွေ ကောက်ခံပေးသည့် စေတနာအကျိုးဆောင်များအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုအဖြစ် ဝတ်စုံများ ချီးမြှင့်ခြင်းတို့ကို အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။
ကံပွင့်လုပ်ငန်းမိသားစုနှင့် လုပ်သားမိသားစုများကလည်း ဘိုးဘွားရိပ်သာ အာဟာရငွေ ပဒေသာပင် အတွက် ကျပ်သိန်းတစ်ရာ စုပေါင်းပေးအပ်လှူဒါန်းသည်။ ဒေါ်ဦးဘိုးဘွားရိပ်သာတွင် ယခုအခါ သက်ကြီးအဘိုး၊ အဘွား ၃၀ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)


