ရန်ကုန် ၁၃ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သန့်ရှင်းရေးဝန်ထမ်းများအား စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနခွဲရုံး၌ ပြုလုပ်သည်။
အလှူရှင် မမီးမိန်က “အခုလို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်နေတဲ့ အချိန်မှာ လူတော်တော်များများက စီးပွားရေးအဆင်မပြေကြဘူး။ အထူးသဖြင့် အောက်ခြေလူတန်းစားတွေမှာ ပိုပြီး စားဖို့သောက်ဖို့ အခက်အခဲရှိကြတယ်။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို လာရောက် လှူဒါန်းတာဖြစ်ပါတယ်”ဟု ပြောသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၉၂)ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ ဦးမောင်မောင်အေးက “ကိုဗစ်-၁၉ ဖြစ်ပြီးနောက်ပိုင်း အလှူရှင်တော်တော်များများကတော့ သူတို့တတ်နိုင်သလောက် အခြေခံလူတန်းစားတွေကို လာရောက်လှူဒါန်းတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အားပေးကူညီ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
ယနေ့ လှူဒါန်းမှုအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သန့်ရှင်းရေးဝန်ထမ်းများအား လူတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီတစ်ဘူး၊ ကြက်ဥ (၁၀)လုံး၊ ငွေကျပ်သုံးထောင်နှင့် နှာခေါင်းစည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ/နေလင်း


