နေပြည်တော်  ၂၉   ဩဂုတ် 

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် City Express Store ဆိုင်ရှေ့ရှိ  ATM စက်အား ဖျက်ဆီးပြီး ငွေများ ခိုးယူ ရန်  ကြိုးစားသူ(၂)ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ City Express Store ဆိုင်ရှေ့မှ ATM စက်အား ဖျက်ဆီးထား ကြောင်း ကြားသိရသဖြင့် ဧရာဝတီဘဏ်ရုံးချုပ်မှ ဒုအထွေထွေမန်နေဂျာ တရားလို ဦးအောင်ကျော်သူက  ဩဂုတ် ၂၁ ရက် နံနက် ၁ နာရီက သွားရောက်စစ်ဆေးခဲ့ရာ  အမျိုးသား(၂)ဦးက ငွေများခိုးယူရန် အကြံဖြင့် ဖျက်ဆီးထား သည့်အတွက် ATM စက်မှာ ပျက်စီးနေပြီး စက်အတွင်းရှိ ငွေများပျောက်ဆုံးမှုမရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ငွေများခိုးယူရန် အကြံဖြင့် ATM စက်အား ဖျက်ဆီးသွားသူကို အရေးယူပေးရန် ဦးအောင်ကျော်သူက တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်းက  အမှုဖွင့်အရေးယူခဲ့ကြောင်း။

 

အမှုမှ ပြစ်မှုကျူးလွန်သူများကို  အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများ စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် မင်္ဂလာတောင်ညွန့် မြို့နယ်နေ ရှိုင်းအောင်(ခ) သီဟနှင့် သန်းဇော်မိုးတို့ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့(၂)ဦးကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဩဂုတ်  ၂၃ ရက်တွင် သံလျင်မြို့နယ်ရှိ Star City အိမ်ယာ၊ တိုက်အမှတ်(၁)၌ ဆေးသုတ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း။

 

ပြစ်မှုကျူးလွန်သူ (၂)ဦးကို  ဥပဒေလုပ်ထုံးလုပ်နှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သတင်းစဉ်