နေပြည်တော်  ၂၈ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် City Express Store ဆိုင်ရှေ့ရှိ ATM ငွေထုတ်စက်အား ဖျက်ဆီး၍ ငွေခိုးယူရန် ကြိုးစားသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဩဂုတ်၂၁ ရက် နံနက် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ City Express Store ဆိုင်ရှေ့မှ ATM စက်အား ဖျက်ဆီးထားကြောင်း ကြားသိရသဖြင့် ဧရာဝတီဘဏ်ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ကျော်သူက သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသား(၂)ဦးက ငွေများခိုးယူရန်အကြံဖြင့် ဖျက်ဆီးထားကြောင်း၊ ATM စက်မှာ ပျက်စီးနေပြီး စက်အတွင်းရှိ ငွေများပျောက်ဆုံးမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း ငွေများခိုးယူရန်အကြံဖြင့် ATM စက်အား ဖျက်ဆီး သွားသူကို အရေးယူပေးရန် ဦးအောင်ကျော်သူက တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း (ပ)၁၆၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၅၁၁/၄၂၇ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း။

အမှုမှတရားခံ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများ စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ရှိုင်းအောင်(ခ) သီဟနှင့် သန်းဇော်မိုးတို့ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့(၂)ဦးကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် သံလျင်မြို့နယ်ရှိ Star City အိမ်ယာ၊ တိုက်အမှတ်(၁)၌ ဆေးသုတ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း။

ပြစ်မှုကျူးလွန်သူ တရားခံ(၂)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

(ရဲပြန်ကြား)