ဒဂုံ   ၂၄  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊  ယောမင်းကြီးရပ်ကွက်အတွင်း လျှပ်စစ်မီးသုံးစွဲသူ  ပြည်သူများ ဓာတ်အားခပေးဆောင်ရာတွင် အခက်ခဲမဖြစ်စေရန်နှင့် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြိုတင် ကာကွယ်ထိန်းချုပ်ခြင်းအနေဖြင့် မီတာခပေးဆောင်ခြင်းကို ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး  ကော်ပိုရေးရှင်း၏ လမ်းညွှန်မှာကြားချက်ဖြင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီကစတင်ကာ မွန်းလွဲ ၃ နာရီထိငွေပေးချေမှုအား  မော်တော်ယာဉ်ဖြင့်  လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်ဓါတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ပေးဆောင်ရမည့်ရက်များတွင် လူစုလူဝေးမဖြစ်စေရန် အတွက် ယခင် ဧပြီ ၂၀ ရက်နေ့မှ ဧပြီ ၂၈ ရက်နေ့အထိ  သတ်မှတ်ထားရာမှ မေ(၂၀)ရက်နေ့အထိ တိုးမြှင့်ကောက်ခံပေးသွားမှာဖြစ်ပြီး ယင်းကာလအတွင်း လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခြင်း မပြုကြောင်း အသိပေးကြေညာထားသည်။ ထို့အပြင် လျှပ်စစ်ဓါတ်အားခပေးဆောင်ရန် ကျန်ရှိသည့် ပြည်သူများအတွက်လည်း ဦးဝိစာရအိမ်ရာဝင်းရှိ ငွေပေးသွင်းမှုကောင်တာတွင် လာရောက်ပေးသွင်းနိုင်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)