ရန်ကုန် ၁၁ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၄ ရက် နံနက် ၄ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ ညီညွတ်ရေးလမ်း၊ အမှတ်(၁၄၅)နေ နေမျိုးနိုင်(ခ)ကတုံးကို KENBO အမျိုးအစား CZI-125 ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူ နေမျိုးနိုင်(ခ)ကတုံးကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မေလမှ ဩဂုတ်လအထိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး (၁၂)စီးအား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး (၁၂)စီးအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ နေမျိုးနိုင်(ခ)ကတုံးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား