ရန်ကုန်၊ ၂၇ ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation PCL တို့မှ အကျိုးတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ ဧက ၂၀၀၀ ပေါ်တွင် Yangon Amata Smart and ECO City စီမံကိန်းပန္နက်တင်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါစီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs. Suphatra Srimaitreephithak ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ Yangon Amata Managing Director Yasuo Tsutsui ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ Yangon Amata Smart and ECO City Master Plan Story Board ကို ရှင်းလင်းတင်ပြ၍ အခမ်းအနား စတင်ကြောင်းကြေညာကာ စီမံကိန်းမိတ်ဆက်ဗီဒီယိုကလစ်အား ပြသသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ Yangon Amata Smart and ECO City စီမံကိန်းကြီး မြန်မာနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့စဉ်ကတည်းက အစဉ်တစိုက်ဆွေးနွေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် MOU လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဒီစီမံကိန်းကြီးကြောင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ အများကြီးရှိ​ကြောင်း၊ သီလဝါစက်မှုဇုန်နှင့် ဟံသာဝတီလေဆိပ်ဧရိယာအတွင်း တည်ရှိသောကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့သည် အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H. E Mrs. Suphatra Srimaitreephithak က Yangon Amata Smart and ECO City စီမံကိန်းကြီးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံကြားတွင်ရှိသော ခိုင်မြဲသောပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများအတွက် သက်သေ သာဓကပင်ဖြစ်ကြောင်းနှင့် ဒီစီမံကိန်းကြီးသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ယူဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် Chairman of Amata City Rayong, Chairman of Yangon Amata Smart and ECO City မှ Mr. Arsa Sarasin နှင့် Amata Corporation public Copany Limited Chairman Mr. Vikrom Kromadit တို့က Vedio Message ဖြင့် အမှာစကားပြောကြားခြင်းကို ပြသသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သံအမတ်ကြီး H.E Mrs. Suphatra Srimaitreephithak ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ Yangon Amata Managing Director Yasuo Tsutsui ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့က စီမံကိန်းမြေ၌ ပန္နက်တင်ပေးကြသည်။

 

Yangon Amata Smart and ECO City စီမံကိန်းကို ၅ နှစ်အတွင်း တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားပြီး ပြီးစီးခဲ့ပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ ကျော် ဖန်တီးပေးနိုင်ကာ နိုင်ငံတော်မှ နှစ်စဉ်ဝင်ငွေခွန် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရရှိမည်ဖြစ်ကြောင်းနှင့် စက်မှုဆိုင်ရာ ဓာတ်ငွေ့ဖြန့်ဖြူးခြင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေး အထောက်အကူပြုပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး၊ စက်မှုလုပ်ငန်းသုံး ရေရရှိရေးစနစ်နှင့် စွန့်ပစ်ရေဆိုးစနစ် တည်ဆောက်ခြင်း၊ စွန့်ပစ်အမှိုက်သိမ်းဆည်းရေးစနစ်၊ နိုင်ငံတကာအဆင့်မီ အသက်မွေးဝမ်းကြောင်းပြု သင်တန်းကျောင်းများ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)