ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီကြည့်ရှုစစ်ဆေး


ရန်ကုန် မေ ၂၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဦးရာဇတ်လမ်းကြားရှိ နတ်ရေကန်သို့သွားရောက်၍ ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း၊ သစ်ပင်များအောက်တက်ရှင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်းနှင့် မြေယာရှုခင်းဆောင်ရွက်ခြင်းလုပ်ငန်း၊ နတ်ရေကန်နှင့် ကန်သာယာ (၁) လမ်းကြားတွင် အုတ်ရေမြောင်း တည်ဆောက်ရေးအကြိုလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း အမှတ် (၃၆) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဦးဘဝင်းလမ်းအကြား ရဲသီဟလမ်း ကွန်ကရိခင်းခြင်းလုပ်ငန်းနှင့် အမှတ် (၃၈) ရပ်ကွက် ပင်လုံလမ်းနှင့် ရာဇသင်္ကြန် လမ်းအကြား မဟာဗန္ဓုလလမ်း ဝဲ/ယာ လမ်းသားတိုးချဲ့ ကွန်ကရိခင်းခြင်း လုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်