ရန်ကုန် ၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရ အမိန့်အား လိုက်နာခြင်းရှိ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ ညက ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်အထိ သတ်မှတ် နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရအမိန့်အား ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးပြီးဖြစ်ရာ စက်တင်ဘာ ၃ ရက်မှ ၄ ရက်နေ့အထိ မြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၁၁၈/၂၀၂၀)နှင့် (၁၁၁၉/၂၀၂၀)တို့ဖြင့် အလုပ်မဲ့ထောင်ဒဏ် တစ်လ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်း ဖြစ်သဖြင့် ပြည်သူများ တိကျစွာ လိုက်နာကြရန်လိုအပ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)