ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၆ သြဂုတ်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert များ တည်ဆောက်နေမှုနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ဗိုလ်မြင့်အောင်လမ်းနှင့် တပင်ရွှေထီးလမ်းဆုံတို့၌ မိုးတွင်းကာလတွင် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် Box Culvert ဆောက်လုပ်ခြင်း၊ ရေမြောင်းများတူးဖော်ခြင်းကို မြိုနယ်စည်ပင်သာယာ၏ ပံ့ပိုးကူညီမှု ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် အသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Box Culvert တည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းကြောင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ပြီး အများပြည်သူများ မိုးတွင်းကာလတွင် သွားလာ ရေး အဆင်ပြေသည့်အပြင် အနိမ့်ပိုင်းနေရာများအပြင် စာသင်ကျောင်းနှင့် လူနေအိမ်များ ရေဝင်ရောက်မှုမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)