ရန်ကုန် စက်တင်ဘာ ၁၁
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၉) တိုးချဲ့ရပ်ကွက်၊ ကနောင်မင်းသားကြီး လမ်းရှိ ကနောင်အိမ်ရာဝင်းအတွင်း ယနေ့နံနက်ပိုင်းက ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး Mask များဝေငှသည်။
ထို့အပြင် ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် ၅၄၀၀/- နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀) ကျပ်သားစီကိုလည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၁၇၅/- နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀) လုံးစီကိုလည်းကောင်း စနစ်တကျ ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမှန်တကယ် လိုအပ်သည့် ရပ်ကွက်များကို အလှည့်ကျ ဝင်ရောက်ရောင်းချပေးနိုင်ရေး၊ ဝင်ငွေနည်းမိသားစုများကို ရေရှည်ရောင်းချ ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ်၊ မအူကုန်း စည်ပင်အိမ်ရာဝင်း၊ လသာမြို့နယ် (၄) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ် လမ်း ၅၀ အိမ်ရာနှင့် အမှတ် (၆၅၆) ပင်မလျှပ်စစ်တပ် အိမ်ထောင်သည်လိုင်းတို့တွင်လည်း Mobile Market စနစ်ဖြင့် ဈေးရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် အတွင်းရေးမှူးနှင့်အဖွဲ့သည် (၉၁) ရပ်ကွက်၊ ပဲခူးမြစ်လမ်းရှိ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်စည်ပင်သာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်