ဒဂုံဆိပ်ကမ်း  ဇန်နဝါရီ ၁၆

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများရှိ လူငယ်လူရွယ်များ ပြည်သူလူထုအတွင်း ကြက်ခြေနီအခန်းကဏ္ဍ ပိုမိုရှင်သန်သွက်လက်လာစေရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ရာတွင် ကြက်ခြေနီအခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်နိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အလေ့အထနှင့် ရှေးဦးပြုစုခြင်းကို ပြည်သူများနားလည် တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ကျောင်းသား ကျောင်းသူများအား ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများ၊ ကြက်ခြေနီအခြေခံမူများ ကြက်ခြေနီ၏ရည်ရွယ်ချက်များ လူနာတစ်ဦးတွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းက ကြက်ခြေနီလူငယ်များက ထိခိုက်ဒဏ်ရာရရှိသောလူနာ သွေးယိုထွက်သောလူနာ အပူလောင်သောလူနာ အသက်ရှူရပ်ခြင်းဖြစ်သောလူနာ၊ ဆို့နင်ခြင်းဖြစ်သော လူနာနှာခေါင်းသွေးယိုသောလူနာ သတိလစ်သောလူနာများအား တွေ့ရှိပါက မည်သို့ကူညီဆောင်ရွက်ပေးရမည်ကို စာတွေ့၊ လက်တွေ့ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ၁၆.၁.၂၀၂၃မှ ၁၈.၁.၂၀၂၃အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးမဥ္ဇူ(ပြန်/ဆက်)