ဆွေဦးဝေ
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ အကောင်အထည် ဖော်နေချိန် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါတယ်။ အခုလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ စမတ်စီးတီး စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အဲဒီ BDS Smart City စီမံကိန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့မြနန္ဒာ လမ်းထောင့်မှာရှိတဲ့ မြေဧရိယာ ၁၈၃ ဧကခန့် ပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ တိုင်းဒေသကြီး အစိုးရနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် မလေးရှားအခြေစိုက် BDS Smart City Co.,Ltd အကြား သဘောတူစာချုပ် ချုပ်ဆိုမှုကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့ ကြပြီးဖြစ်ပါတယ်။
“ဒီစီမံကိန်းဆောင်ရွက်ဖို့ ၂၀၁၉ ခုနှစ် ဧပြီလမှာ တင်ဒါခေါ်ယူခဲ့ပြီး နောက်ဆုံး ဆန်ခါတင် ကုမ္ပဏီသုံးခုထဲက အခုကုမ္ပဏီကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တရားဝင်စာချုပ်ပြီး လုပ်ငန်းတွေစတင်နိုင်ဖို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စာချုပ်ချုပ်တဲ့နေ့က ပြောပါတယ်။
“ဒီစီမံကိန်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် မြေအကျယ်အဝန်း စတုရန်းမီတာ ၂၄၂၈၀၀ ခန့်ပေါ်မှာ အိမ်ခန်း ယူနစ်ပေါင်း ၃၈၀၀ ခန့်ကို အမေရိကန်ဒေါ်လာ ၁၈၂ သန်းခန့် အကုန်အကျခံပြီး တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ နိုင်ငံတစ်ဝန်းက ရွှေ့ပြောင်းအခြေချလာတဲ့ အိမ်ထောင်စုတွေ၊ အိမ်ရာ လိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေအတွက် အိမ်ခန်းပေါင်း ၂၀၀၀၀ ခန့် လိုအပ်နေတာကြောင့် အိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။
BDS Smart City စီမံကိန်းကို အပိုင်းတွေခွဲပြီး တည်ဆောက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ လူနေတိုက်ခန်းတွေ၊ ကွန်ဒိုတွေ၊ လူနေဆိုင်ခန်းတွေ၊ ရှော့ပင်းမောတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေ၊ ကွန်မြူနတီစင်တာနဲ့ဟိုတယ်တွေ စတဲ့ နိုင်ငံတကာ စံနှုန်းအတိုင်း တည်ဆောက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို တည်ဆောက် အကောင် အထည်ဖော်ရာမှာ တည်ဆောက်ရေးကာလကို ခြောက်နှစ်မှ ၁၀ နှစ်အတွင်း သတ်မှတ်ထားပြီး အပိုင်းတွေခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စီမံကိန်း တစ်ခုလုံးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၇၂ သန်း ခန့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီစီမံကိန်းကြီး ပြီးစီးသွားရင် ရင်းနှီးမြှုပ်နှံအကောင် အထည်ဖော်တည်ဆောက်တဲ့ ကုမ္ပဏီအနေနဲ့ နှစ်ပေါင်း ၅၀လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်သလို နှစ်တိုးအဖြစ် ၁၀ နှစ်စီ နှစ်ကြိမ် တိုးချဲ့လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
စမတ်စီးတီးစီမံကိန်းတွေ အခုလို အကောင်အထည်ဖော် တည်ဆောက်နေတာဟာ ပြည်သူတွေ နေ့စဉ်ဘဝမှာ ပိုပြီးအဆင် ပြေပြေနေထိုင်နိုင်ဖို့၊ သွားလာနိုင်ဖို့၊ အလုပ်လုပ်ချိန်မှာ စွမ်းအားတွေ ပိုမိုစိုက်ထုတ် လုပ်ကိုင်နိုင်ဖို့၊ အဆင့်အတန်းမီမီ နေထိုင်နိုင်ရေး စတဲ့အရာတွေအတွက်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး၊ လူမှုရေးစတဲ့ အခြေအနေတွေကြောင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချသူတွေ နှစ်စဉ်တိုးပွား လျက်ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရန်ကုန်မြို့ဟာ ပိုမိုကြီးမား ကျယ်ပြန့်လာသလို အိမ်ရာတိုက်ခန်း လိုအပ်ချက်တွေလည်း များပြားလာပါတယ်။ အိမ်ရာတိုက်ခန်းတွေရဲ့ တန်ဖိုးကလည်း အခြေခံပြည်သူတွေ လက်လှမ်းမီ ဝယ်ယူနိုင်အောင်ဖြစ်ဖို့ လိုအပ်တာမို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြေစိုက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးစိုက်ကာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
စမတ်စီးတီးစီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရရဲ့ မူဝါဒ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်သလို လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ပြဿနာတွေကို နည်းပညာတွေနဲ့ ပေါင်းစပ်ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ စမတ်စီးတီးမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စည်းကမ်းတကျ နေထိုင်ဖို့လည်း သိရှိအောင် ဝိုင်းဝန်းကူညီပေးကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ Master Plan ကို ဂျပန်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၄၀ ပြည့်နှစ်အထိ ရေးဆွဲထားပါတယ်။ ရန်ကုန်မြို့ကို မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ကြီးအဖြစ် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ရည်မှန်းချက် လေးရပ်နဲ့ ဆောင်ရွက်နေပါတယ်။
အဲဒီရည်မှန်းချက်တွေက မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စိမ်းလန်းသော ဧရိယာ ဖြစ်စေရေး၊ နေချင့်စဖွယ် မြို့တော်ဖြစ်စေရေး၊ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော်အဖြစ် ပေါ်ပေါက်လာစေရေးစတဲ့ အချက်တွေဖြစ်ပြီး အဲဒီအတိုင်း ဆောင်ရွက်မယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့ UMFCCI မှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်တဲ့အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောထားပါတယ်။
ရန်ကုန်မြို့မှာ အခုဆိုရင် လှည်းကူး စက်မှုဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း နဲ့ တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ရွာ အနီးမှာ ဖော်ဆောင်မယ့် နိုင်ငံတကာအဆင့်မီ ရန်ကုန် အမာတာစမတ်စီးတီးနဲ့ အီကိုစီးတီး။ ထန်းတပင်စက်မှု မြို့တော်၊ ညောင်နှစ်ပင်မှာ တည်ဆောက်နေတဲ့ ကိုရီးယား-မြန်မာ စက်မှု မြို့တော်စတဲ့ စီမံကိန်းတွေအပြင် ရန်ကုန်မြို့သစ် စီမံကိန်းလည်း ရှိနေပြီဖြစ်ပါတယ်။
အခုဆိုရင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ အကောင်အထည်ဖော်တော့မယ့် စမတ်စီးတီး စီမံကိန်းကလည်း ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ထုတ်မယ့် နေရာတစ်ခု ဖြစ်လာမယ့်အပြင် အိမ်ရာတိုက်ခန်း လိုအပ်သူတွေအတွက် ရွေးချယ်နေထိုင်နိုင်မယ့် စီမံကိန်းတစ်ခုလည်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။
မြန်မာ့အလင်း