ရန်ကုန် မတ် ၁၉

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် Mandalay Global Network Distribution Co., Ltd. (MGND)ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွဲနုဆီထုတ်လုပ်သည့် စက်ရုံတွင် ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်း စက်ရုံ (MGND Solvent Extraction & Refinery Plant) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အဆိုပါစက်ရုံတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Mandalay Global Network Distribution Co., Ltd. (MGND)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းစက်ရုံကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် Mandalay Global Network Distribution Co, Ltd. (MGND)မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် Mandalay Global Network Distribution Co., Ltd. (MGND)မှ တာဝန်ရှိသူတို့က စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်း စက်ရုံအတွင်း ထုတ်လုပ်ပုံအဆင့်ဆင့် လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေကို လှည့်လည် ကြည့်ရှုကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြော ကြားရာတွင် မြန်မာနိုင်ငံ၏ စားသုံးဆီဖူလုံရေးသည် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခြေခံစက်မှုလုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊ ဖွဲနုအပါအဝင် ဆီထွက်သီးနှံများမှ အရည်အသွေးမြင့် စားသုံးဆီများ ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြင့် ဘေးထွက်ပစ္စည်းများ ဖန်တီးနိုင်ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရန်နှင့် ဒေသတွင်း စီးပွားရေး၊ အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Mandalay Global Network Distribution Co., Ltd. (MGND)မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)