ရန်ကုန် ဒီဇင်ဘာ ၁၅
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီ ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင် ချောင်ရွာအနီးတွင် တည်ဆောက်မည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site-FDS) မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အအုံ တည်ဆောက်ရန် နေရာ၊ ဝင်လမ်း/ ထွက်လမ်းများ၊ ရေဖောက်ထုတ်ရန်နှင့် မြေသား တင်ရန် လိုအပ်သည်များကို မှာကြားသည်။
ယခုအကောင်အထည် ဖော်မည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့် နိုင်ငံတကာအဆင့်မီ Fukuoka Method အပြင် အမှိုက်မှ စွမ်းအင် ထုတ်လုပ်ခြင်း နည်းစနစ်များကိုပါ ဆောင်ရွက်ရန် ရည်ရွယ်ထားသဖြင့် အမှိုက်လျှော့ချရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရန်အတွက် အကျိုးကျေးဇူး များစွာရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က ဆောင်ရွက် လျက်ရှိသော အမှတ်(၇)(မြို့ပတ်) လမ်းမကြီးနှင့် ဆက်စပ်နေသော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဘုရင့်နောင်လမ်း မူလ ၂၄ ပေ အကျယ်လမ်းကို ၄၈ ပေအကျယ် (၄) လမ်းသွား ရရှိအောင် ဝဲ/ယာနှစ်ဖက် တိုးချဲ့၍ ထု ၁၁ လက်မ ကွန်ကရစ်ခင်းကျင်းနေမှုနှင့် အမှတ်(၇) (မြို့ပတ်)လမ်းဆုံမှ လေးထောင့်ကန် ရပ်ကွက် အထိ နှစ်လမ်းသွားလမ်းကို ကွန်ကရစ် ခင်းကျင်နိုင်ရေး မြေပြုပြင် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် လေးထောင့်ကန်ရပ်ကွက် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန လေးထောင့်ကန်ဈေး ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်ကမ်းချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားနေမှု၊ ဈေးရုံသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်