ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၂၂ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်ဖွံ့ဖြိုးရေး ကစ္စများ၊ လမ်း၊ တံတား အခြေခံလိုအပ်ချက်များ၊ ပြည်သူတို့၏ တင်ပြလိုသည်များကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၅၈)ရပ်ကွက်နှင့် အမှတ်(၆၉)ရပ်ကွက်များရှိ မာန်အောင်မြင်ဓမ္မာရုံနှင့် ကုသလဝါယာမဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိန်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ပြည်သူတို့၏အသံ ပြည်သူတို့၏ ဆန္ဒများကို လွှတ်တော်များတွင် တင်ပြမေးမြန်းနိုင်ရေးအတွက် ယခုကဲ့သို့ ပြည်သူများထံ လာရောက်၍ တွေ့ဆုံရခြင်းဖြစ်ပြီး မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ပြည်သူတို့၏ လိုလားချက်များကို ဖြည့်ဆည်းတင်ပြပေးရန်ဖြစ်၍ မေးမြန်းတင်ပြကြပါရန် ပြောကြားသည်။
ထို့နောက် ပြည်သူများက အများပြည်သူ သွားလာနေသည့်လမ်းများ ခင်ကျင်းပေးရန်ကိစ္စများ ပျက်စီးနေသည့်လမ်းများ ပြုပြင်ပေးရန်၊ လမ်းမီးများရှိရေးကိစ္စ၊ မီးအားကျဆင်းနေ၍ ရေစက်မောင်း၍ မရခြင်း၊ ထမင်းဟင်းချက်ပြုတ်မရခြင်း၊ ရေမြောင်းများပိတ်ဆို့နေ၍ ရေစီးဆင်းမှုမရှိသည့်မြောင်းများ ပြန်လည်ဆယ်ယူစေရေး၊ စွန့်ပစ်အမှိုက်သိမ်းဆည်းသည့်အခါ အမှိုက်သိမ်းယာဉ်နှင့် ဝန်ထမ်းအင်အား ဖြည့်တင်းပေးစေလိုခြင်း၊ ရပ်ကွက်အတွင်း သွယ်တန်းထားသည့် ဓာတ်မီးတိုင်များ ယိုင်နဲ့နေခြင်းကိစ္စများကို အသိပေးတင်ပြကြသည်။
ပြည်သူတို့နှင့် ကွင်းဆင်းတွေ့ဆုံလာသည့် ဌာဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်ပြည်သူတို့၏ မေးမြန်းတင်ပြမှုတို့အား သက်ဆိုင်ရာဌာနအလိုက် ဖြေကြားကာ ဆောင်ရွက်နိုင်သည့် ကိစ္စများအား အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်နှင့် တိုင်းဒေသကြီး(၂) ကိုယ်စားလှယ် ဦးဇင်မင်းထွေးတို့က ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပြည်သူတို့၏အသံ ပြည်သူတို့၏ဆန္ဒများကို လွှတ်တော်များတွင် တင်ပြမေးမြန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၅၈)ရပ်ကွက်နှင့် အမှတ်(၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြည်သူများနှင့် လာရောက်တွေ့ဆုံကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


