ရန်ကုန် ၃၀ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ ဆောင်ရွက်နေစဥ်အတွင်း တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၇၄၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ယနေ့နံနက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ လှူဒါန်းပွဲတွင် ပြောသည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့မှုများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ စေတနာရှင်အလှူရှင်များနှင့် ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်းတို့ ပူးပေါင်း၍ ပထမအသုတ် အိမ်ထောင်စု ၂၄၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တောင်ဒဂုံမြို့နယ်မှာ အခြေခံလူတန်းစားတွေ အရမ်းများတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဘယ်လောက်ဖြည့်ဆည်းပေးနိုင်မလဲဆိုပြီး ဆောင်ရွက်ပေးတာပါ။ နောက်တစ်ခုက ခိုင်နှင်းဝေပရဟိတ အဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ COVID-19 ရောဂါက ကမ္ဘာတစ်ဝန်းဖြစ်နေတာဆိုတော့ ကိုယ့်နိုင်ငံထဲမှာက အိမ်အပြင်မထွက်ဘဲ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အတိုင်းကို အားလုံးပူးပေါင်း ပါဝင်ပေးဖို့လိုတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။
ယခုလှူဒါန်းသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ၁၀၄၊ ၁၀၅၊ ၁၀၆ ရပ်ကွက်မှ အိမ်ထောင်စု ၂၄၀၀ အတွက် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ဆား၊ ငါးပိထောင်း၊ မြေပဲ၊ ပုစွန်ခြောက်၊ ခေါက်ဆွဲခြောက်များကို ပထမအသုတ်အနေဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၅၀၀၀ အတွက် မေလတွင် ထပ်မံလှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အာကာစိုး


