ရန်ကုန် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများသို့ သွားရောက်ပြီး သီလရှင်ကျောင်းများအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသားကြီးရပ်ကွက် ဘုန်းမေတ္တာလမ်းသွယ် အောင်ရတနာသီလရှင်စာသင်တိုက်၌ ကျင်းပသည့် မြို့နယ်သီလရှင်အဖွဲ့ဥက္ကဋ္ဌ၊ ကလျာဏဂုဏ် ရည်စာသင်တိုက်မှ သီလရှင် ဆရာကြီးဒေါ်ယုဇနသိင်္ဂီ အမှူးပြုသော မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများအတွက် ရန်ကုန်မြို့တော်ဝန်နှင့် ဝန်ထမ်းမိသားစုများက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တက်ရောက်ကြသည်။
အခမ်းအနားတွင် ပင့်ဖိတ်ထားသော သီလရှင်ဆရာကြီးများက မေတ္တာသုတ် ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကလျာဏဂုဏ်ရည်ကျောင်းတိုက်၊ အောင်ရတနာကျောင်းတိုက်၊ ဝိဇယဒါရီကျောင်းတိုက်၊ ရွှေစေတီသီရိရတနာကျောင်းတိုက်၊ ရွှေဟင်္သာကျောင်းတိုက်များ၊ ပတ္တမြားရောင်ခြည်ကျောင်းတိုက်၊ မေတ္တာရေစင်ကျောင်းတိုက်၊ အောင်ရတနာကျောင်းတိုက် (၅၄ရပ်ကွက်)၊ ပညာစာရီနမ့်ဆန်ကျောင်းတိုက်၊ သမိဒ္ဓေါဒယခေမာရံသီ ကျောင်းတိုက်များအတွက် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် သီလရှင်ဆရာကြီးများက ဝမ်းမြောက်ကြောင်း အနုမောဒနာစကားပြောကြားပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော်ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြားရှိ မင်္ဂလာကန်သို့ သွားရောက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ မင်္ဂလာကန်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်