နေပြည်တော် ၈ မေ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၆ ရက် မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်၊ ဇွဲကပင်(၃)လမ်းနေ သိန်းမင်းဦး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၀၀၊ အိုက်စ် သုည ဒသမ ၀၃၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၀၀၄၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်၊ ဇွဲကပင်(၃)လမ်းနေ ဇော်မင်းဦးအားလည်းကောင်း၊  ညပိုင်းအချိန်တွင် ကျော်ဇေယျာလင်းအား တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်၊ ဗညားဒလလမ်းတွင် KLUGER အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိပြီး ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ဆက်လက်၍ ကျော်ဇေယျာလင်း နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ ရတနာလမ်း၊ မလိခအိမ်ရာ၊ တိုက်အမှတ်(၂၃)၊ (၆)လွှာရှိ အခန်းအမှတ်(၅၁)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၈၀၀ ပြားနှင့် အိုက်စ် ၁ ဒသမ ၁ ကီလိုတို့ကို လည်းကောင်း စုစုပေါင်းငွေကျပ် ၁၅၂၀ ဒသမ ၆ သိန်းတန်ဖိုးရှိ  မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ မေ ၇ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်) ကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းတွင် လီဗု မောင်းနှင်ပြီး လော်ညီး လိုက်ပါလာသည့် FORTUNER အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား