ရန်ကုန် ၁၁ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၀)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်း (၅)မျိုးကို ယနေ့ ညနေပိုင်းတွင် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်ထံမှ သိရသည်။

 

“နိုင်ငံတော်အစိုးက ထောက်ပံ့တဲ့ စားသောက်ကုန်ပစ္စည်း (၅)မျိုးကို (၇၀)ရပ်ကွက်မှာရှိတဲ့ အခြေခံလူတန်းစားတွေကို သွာရောက်ပေးအပ်ခဲ့ပါတယ်။ ရောဂါကူးစက်မှုမဖြစ်စေဖို့အတွက်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကတစ်ဆင့် ကောက်ယူထားတဲ့စာရင်းအတိုင်း အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်း (၅)မျိုး ထောက်ပံ့ရန် စာရင်းကောက်ယူရာတွင် အိမ်ထောင်စု (၄၈၂၂၇)စု၊ အိမ်ထောင်စုဝင်လူဦးရေ (၂၀၅၀၅၂)ရှိပြီး ယနေ့စားသောက် ကုန်ပစ္စည်းများ ပေးအပ်ခဲ့သည့် (၇၀)ရပ်ကွက်တွင် အိမ်ထောင်စု (၃၃၄၅)စု၊ အိမ်ထောင်စုဝင် လူဦးရေ (၁၄၇၀၄)ဦးရှိကြောင်းနှင့် ကျန်ရပ်ကွက်များကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဦးအေးနိုင်ထံမှ သိရသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်မည့် စားသောက်ကုန်ပစ္စည်းများကို တောင်ဒဂုံ မိုးလုံလေလုံခန်းမတွင် ထားရှိပြီး သယ်ယူပို့ဆောင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ပရဟိတအဖွဲ့များက အားဖြည့်ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကိုထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်း (၅)မျိုး ထောက်ပံ့ရန် စာရင်းကောက်ယူရာတွင် အရှေ့ပိုင်းခရိုင်တွင် အိမ်ထောင်စု (၂၀၈၆၄၉) စု၊ အနောက်ပိုင်းခရိုင်တွင် အိမ်ထောင်စု (၃၇၂၃၃)စု၊ တောင်ပိုင်းခရိုင်တွင် အိမ်ထောင်စု (၂၄၇၁၆၃)စု၊ မြောက်ပိုင်းခရိုင်တွင် အိမ်ထောင်စု (၁၈၂၀၈၂)စု စုစုပေါင်း အိမ်ထောင်စု (၆၇၅၂၂၇)စုရှိပြီး အိမ်ထောင်စုဝင် လူဦးရေ (၂၇၄၂၂၃၃)ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

 

နိုင်ငံတော်အစိုးရမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စားသောက်ကုန်ပစ္စည်း (၅)မျိုးကို တစ်နိုင်ငံလုံးရှိ အခြေခံလူတန်းစားများအား ဧပြီ ၁၀ ရက်မှ စတင်ကာ ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

သတင်း-မင်းသစ်(MNA) / ဓာတ်ပုံ-ကျော်ကြီး