ရန်ကုန် ၁၁ ဇန်နဝါရီ


ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ "စာကြည့်တိုက် ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံတောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဒုတိယပညာရေးမှူး ဦးကျော်ဝင်းချေမှ အဖွင့်အမှာစကား ပြောကြားရာ  ကျောင်းစာကြည့်တိုက်များတွင် စာအုပ်၊ စာစောင်များ ထိန်းသိမ်းနည်း၊ စာအုပ် အမျိုးအစားများခွဲခြားပုံ၊ မိမိတို့ ကျောင်းစာကြည့်တိုက်များတွင် စာဖတ်ပရိတ်သတ် များပြားအောင် ဆွဲဆောင်နည်းစသော စာကြည့်တိုက် ဝန်ဆောင်မှု မြှင့်တင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စာကြည့်တိုက် ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာမှတဆင့် စာကြည့်တိုက်၏ အခြေခံသဘောတရားများကို သိရှိပြီး စာဖတ်ပရိတ်သတ် များပြားလာအောင် ဆရာ ဆရာမများ ပြန်လည်အသုံးချနိုင်အောင် တိုးတက်အောင်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ရည်ရွယ်ချက်နှင့်တကွ ရှင်းလင်းပို့ချပေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နည်းပညာ ကျွမ်းကျင်သူများက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်း စာကြည့်တိုက်များမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်စာကြည့်တိုက် တာဝန်ခံများအား စာကြည့်တိုက်ပိုင်းဆိုင်ရာ နည်းပညာရပ်များကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်မင်းဟန်