နေပြည်တော်၊ အောက်တိုဘာ ၂၇

 

ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့နယ် (၁၀၆)ရပ်ကွက် ရတနာပုံလမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် သော်တာလင်း မောင်းနှင် လာသည့် Changhe မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ လွှဲပြောင်းပေးအပ်ခဲ့သူ မျိုးမင်းပိုင် ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စက်မှုဇုန် (၁၇/၁၄၄)ရပ်ကွက် အနော်ရထာလမ်းရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ လွှဲပြောင်းပေးစဉ်က သယ်ဆောင်လာသည့် Light Truck မော်တော်ယာဉ် ၁ စီး နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဆက်လက်၍ ဖမ်းမိတရားခံသော်တာလင်း  ငှားရမ်းထားသည့် မြောက်ဥက္ကလာပမြို့နယ် သီရိရတနာကားဝင်းရှိအခန်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)