ဒဂုန်မြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း (ဒုတိယပိုင်း)

၂၇  အောက်တိုဘာ

(မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်)

ကြည်စိုးထွန်း။ ။ အခု ဆရာကြီးနဲ့ ကျွန်တော် နိုင်ငံတကာက ရုပ်ရှင်ပေါ်ပေါက်လာပုံ အကြောင်းတွေကိုလည်း ပြောခဲ့ပြီးပါပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းကိုစတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံတွေကို ကျွန်တော်စဉ်းစားတယ်။ သူတို့ ရုပ်ရှင်ဘယ်တုန်းက စပေါ်တာလဲဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံဆိုရင် အိန္ဒိယရှိမယ်။ တရုတ်ရှိမယ်။ နောက်တစ်ခါ ထိုင်းပေါ့။ ဟိုဘက်က လာအို၊ ကမ္ဘောဒီးယားက ကျွန်တော်တို့ထက် အများကြီး နောက်ကျပါတယ် ဆရာ။ တကယ်တမ်းကျတော့ ဒီနေ့ခေတ်စားနေတဲ့ ကိုရီးယားနိုင်ငံတောင်မှ သူတို့ကိုရီးယား စစ်ပြီးတော့မှ ရုပ်ရှင်ကို ပြန်စရတော့ ၁၉၅၀ ပြည့်နှစ်ကျော်မှ သူတို့ကစနိုင်တယ်။ ကျွန်တော်တို့က သူတို့ထက် အများကြီးစောတယ် ဆရာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောက ရှေးတုန်းကပညာသည် ဦးအုန်းမောင်တို့၊ ဦးမောင်မောင်တို့၊ ဦးညီပုတို့ကို ကျွန်တော်လေးစားတာ။

ကြည်စိုးထွန်း။ ။ မြန်မာ လူမျိုးတွေက ကိုယ့်အားကိုယ်

ကိုးပြီးတော့ ခက်ခက်ခဲခဲနဲ့ မြန်မာ့ရုပ်ရှင်လောကကို တည်ဆောက်လာရတာ။ ပိုက်ဆံကြည့်တာလည်း မဟုတ်ဘူး။ ပိုက်ဆံ လိုချင်လို့လည်း မဟုတ်ဘူး။ ဝါသနာအရင်းခံပြီးတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့လုပ်ခဲ့တာကို ကျွန်တော်သွားမြင်တယ် ဆရာ။ ၁၉၂၀ မှာ အိမ်နီးနားချင်းနိုင်ငံတွေကို ကြည့်လိုက်တဲ့အခါကျတော့ ထိုင်းက ထိုင်းလူမျိုး ကိုယ်တိုင်ရိုက်တာ ၁၉၂၇ ခုနှစ်ကျမှ ရိုက်နိုင်တယ် ဆရာ။

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့က ၁၉၂၀ ပြည့်နှစ်ကတည်းက ကျွန်တော်တို့လူမျိုးနဲ့ ကျွန်တော်တို့ ရိုက်နိုင်နေတာ။ ကျွန်တော်တို့ ရှေးကပညာသည် ကြီးတွေကို လေးစားစရာတစ်ချက်ပါတယ်လို့ ကျွန်တော်မြင်တာပေါ့ ဆရာရယ်။

ဦးမြင့်စိုး။ ။ ဇ ရှိတယ်ပေါ့။ အနုပညာ ဇရှိတယ်။ ကြိုးစားချင်စိတ်ရှိတယ်။

ကြည်စိုးထွန်း။ ။ စီးပွားရေးလည်း မဟုတ်ဘူး ဆရာ။ စီးပွားရေးမဟုတ်လို့လည်း ဦးအုန်းမောင်ဟာ အစပိုင်းမှာ ကသောင်းကနင်း ဖြစ်သွားတယ်။ ဆိုပါတော့ ဆရာရယ်။ ဦးထွန်းရှိန် ဈာပနဟာဆိုရင် ပိုက်ဆံလေးတစ်ထောင်၊ နှစ်ထောင်နဲ့ စီးပွားရေးသမားကို ရောင်းလိုက်ရတယ်။ ရုပ်ရှင်လောကဟာ တကယ့်အနုပညာစိတ်နဲ့ တည်ဆောက်လာတာ ဆရာ။ တကယ်လည်း ရိုသေလေးစားစရာ ကောင်းတာပေါ့။

ဦးမြင့်စိုး။ ။ ဗမာ့ရဲ့ ဇ ပေါ့ဗျာ။ တရုတ်က ၁၈၉၆ ခုနှစ်မှာဆိုရင် သူ့ဆီကို ရုပ်ရှင်တွေဝင်လာပြီ။ နောက်ပြီး ၁၉၀၈ ခုနှစ်မှာ ပထမဆုံး ဘာရိုက်လဲဆိုတော့ ရှိပြီးသား အော်ပရာတွေကို တည်ပြီးတော့ ရိုက်တာ။ ကျွန်တော်တို့နဲ့ မတူဘူး။ ကျွန်တော်တို့က ရိုက်တာ မေတ္တာနဲ့သူရာဆိုပါတော့။ မေတ္တာနဲ့သူရာဆိုရင် အဓိပ္ပာယ်အများကြီးရှိတယ်။ အရက်ဟာ မကောင်းဘူး။ လောင်းကစားဟာ မကောင်းဘူး။ မေတ္တာတရားဟာ အင်မတန်မွန်မြတ်တယ်။ ဒီလိုရည်ရွယ်ချက်နဲ့ စတာ။ တကယ်ရှိပြီးသား လယ်လယ်ကကကို ရိုက်တာမဟုတ်ဘူး။ တရုတ်နိုင်ငံမှာဆိုရင် နိုင်ငံခြားသားတွေက ဦးစီးပြီးတော့ တရုတ်အမျိုးသားတွေ ရိုက်တာ ၁၉၂၂ ခုနှစ်မှ ရိုက်နိုင်တယ်။ ကျွန်တော်တို့ထက် နှစ်နှစ်နောက်ကျတယ်။ ထိုင်းက ကျွန်တော်တို့ထက် ခုနစ်နှစ်နောက်ကျတယ်။ နောက် ကျွန်တော်တို့ စပုံစနည်းချင်းကလည်း ကွာတယ်။ ကျွန်တော်တို့ စတာက တကယ့်အမျိုးသားရေးစိတ်ဓာတ်နဲ့ တကယ့်အနုပညာနဲ့ စခဲ့တာဆိုတော့ ကျွန်တော်က အများကြီးဂုဏ်ယူတယ်။ ပညာပေးပါတာပေါ့။

ကြည်စိုးထွန်း။ ။ အဲဒီ ဟာကတော့ ကျွန်တော်တို့ဟာ အစကတော့ ကောင်းခဲ့တာပေါ့။ အဲဒီအနှောင်းကတော့ ကျွန်တော်တို့ ဆက်ပြီးတော့ ပြောကြတာပေါ့ ဆရာရယ်။ ဦးအုန်းမောင် ပရိုဂျူဆာလို့ ခေါ်မှာပေါ့ ဆရာ။ နောက်တစ်ခါကျတော့ ဦးညီပု။ ဒီထဲမှာတော့ သူက အဓိကဇာတ် ဆောင်ပေါ့။ ဦးမောင်မောင်ကတော့ အဓိက Director of Photography လို့ ပြောရမှာပေါ့နော် ဆရာ။ နောက်အဲဒီထဲမှာပါတာက ကြည့်မြင်တိုင်သူ မအေးကြည်တဲ့။ အဲဒီနေရာမှာလည်း တစ်ချက်ပေါ့လေ။ ကျွန်တော် ဘာသွားတွေ့သလဲဆိုတော့ အိန္ဒိယနဲ့ ကျွန်တော်တို့နဲ့ ကွာတာသွားတွေ့တယ် ဆရာ။ အိန္ဒိယက ၁၉၁၆ လောက်မှာ သူက ရာဇဝင်ကားရိုက်တယ် ဆရာ။ အဲဒီခေတ်က အင်မတန်ကို ဇာတ်ခွဲခြားမှု စနစ်ကကြီး ပြီးတော့ မိန်းမတွေ အင်မတန် ဣန္ဒြေထိန်းရတာပေါ့ ဆရာ။ ရုပ်ရှင်မင်းသမီးမပါတော့ ယောကျ်ားကနေပြီး မင်းသမီးလုပ်တယ် ဆရာ။

ကြည်စိုးထွန်း။ ။ မင်းသမီးလုပ်မယ်ဆိုတော့ နှုတ်ခမ်းမွှေးကြီးနဲ့ မဖြစ်တော့ နှုတ်ခမ်းမွှေးကြီးကို ရိတ်ပစ်လိုက်ရတယ် ဆရာ။ ရိတ်ပြီးတော့ အဲဒီထဲမှာ သူက အမျိုးသမီးသရုပ်ဆောင်အနေနဲ့ ပါတာပေါ့။ ဟိုတုန်းက ကျွန်တော်တို့ ရုပ်သေးတို့ ဘာတို့ မှာဆိုရင် အမျိုးသမီးစင်ပေါ် မတက်ရသလိုနေမှာပေါ့ ဆရာရယ်။ နောက် ရှိတ်စပီးယားခေတ်က ရှိတ်စပီးယားရဲ့ ဇာတ်တွေဆိုရင် ဟိုမိန်းမတွေ မတက်ရသလိုနေမှာပေါ့။ အိန္ဒိယက ရုပ်ရှင်အစဟာလည်း အဲဒီလိုပဲ ဆရာ။ မင်းသမီးနေရာကို ယောကျ်ားကနေ ပြီးတော့ မိန်းမပုံစံနဲ့ သရုပ်ဆောင်ရတာပေါ့။

ဦးမြင့်စိုး။ ။ ခေါင်းမြီးခြုံလို့ ရတာ ကိုး။ အဲဒါဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တပန်းသာတယ်။ အမျိုးသမီး အခွင့်အရေးကို ပြန်စဉ်းစားရမယ်ဆိုရင် မအေးကြည်တို့စပြီးတော့ မင်းသမီးဖြစ်စဉ်ကတည်းက တကယ့်အမျိုးသမီးတွေနဲ့ ကျွန်တော်တို့ ရိုက်နိုင်ခဲ့တယ်။ ဒါဝမ်းသာစရာတစ်ခုပါပဲ။ နောက်တစ်ခါ ထူးခြားတာက အဲဒီထဲမှာ ကျောင်းသားတွေပါလာတာ။ မြန်မာ့ရုပ်ရှင်အစမှာ ကျောင်းသားနှစ်ယောက်ပါတယ်။ တစ်ယောက်က ကောလိပ်တောင် ရောက်နေပြီထင်တယ်။ မောင်မောင်ချစ်ဆိုတာ။ ဘောလုံးသမား မောင်မောင်ချစ်ဆိုတာ ကောလိပ်ကျောင်းသားပဲ။ ဦးညီပုကလည်း ဟိုက်စကူးကျောင်းသား။ ကျောင်းသားတွေ ပါလာတာကလည်း ကျွန်တော်တို့ ဂုဏ်ယူစရာလေးတွေပါပဲ။ မြန်မာ့ရဲ့ ထူးခြားတဲ့ ဂုဏ်ထူးဝိသေသ တွေပေါ့။

ကြည်စိုးထွန်း။ ။ ကျွန်တော်တို့ မြန်မာ့ ရုပ်ရှင်က အစကတော့ ဂုဏ်ယူစရာကောင်းတဲ့ အစပါပဲလို့ ကျွန်တော်မြင်ပါတယ် ဆရာ။ မေတ္တာနဲ့သူရာ ပထမဆုံး မြန်မာရုပ်ရှင်ကားပေါ့။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ရုံတင်လိုက်တာ။ အဲဒီနေ့မှာ မြန်မာပရိသတ်ကလည်း မြန်မာကားကို တစ်ခါမှမကြည့်ရဖူးဘူးဆိုတော့ သူ့အရင်ကတော့ ဦးထွန်းရှိန် ဈာပနတော့ ရှိတာပေါ့။

ကြည်စိုးထွန်း။ ။ ဦးထွန်းရှိန် ဈာပန ကတော့ ဒီလိုဇာတ်လမ်းမျိုးလည်း မဟုတ်ဘဲ မှတ်တမ်းတင်ကားပေါ့ ဆရာရယ်။ Documentary ခေါ်မှာပေါ့။ ဒီဟာကတော့ Feature Film ပေါ့ ဆရာရယ်။ တကယ့် ဇာတ်လမ်းနဲ့ ဘာနဲ့ဆိုတော့ ပရိသတ်က အင်မတန် သဘောကျကြတာ။ သဘောကျနှစ်ခြိုက်ကြတာ။ ဦးအုန်းမောင်ရဲ့ အားထုတ်မှုပေါ့။ ဒီကနေ့တော့ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်ဆိုပြီးတော့ တလေးတစားနဲ့ ရုပ်တုထုပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာထားတာပေါ့။ အဲဒီလို ရုပ်တုထုပြီး ထားရအောင်လည်း ရုပ်ရှင်ကို တကယ်မြတ်နိုးပြီးတော့ တကယ့်ကို ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တာကိုလည်း ကျွန်တော် သွားတွေ့တယ် ဆရာ။ ဆိုပါတော့ ဆရာရယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံတွေမှာဆိုရင် ထိုင်းဆိုရင်တော့ ဟောလိဝုဒ်ကနေ လာပြီးတော့ အကူအညီပေးတာရှိတယ်။ အကူအညီပေးတာတောင်မှ သူတို့က ၁၉၂၇ ကျမှ ရုပ်ရှင်ကို စနိုင်တယ်။ တရုတ်ပြည်မှာလည်း ဒီသဘောလေးတွေ ရှိတယ်။ သို့သော် ကျွန်တော်တို့ကျတော့ ကျွန်တော်တို့ အမျိုးသားတွေ ကိုယ်တိုင်ကိုက ရုပ်ရှင်ကို စပြီးတော့ လုပ်နိုင်ခဲ့တာပေါ့။

ဦးမြင့်စိုး။ ။ အနုပညာ ဇ ရှိတယ်။ တီထွင်နိုင်တဲ့ သတ္တိရှိတယ်ဗျာ။ အဲဒါအတွက် ကျွန်တော်တို့က အင်မတန် ကို ဂုဏ်ယူတယ်။ ဝမ်းလည်းသာ တယ်။ တကယ်တမ်းလုပ်ခဲ့ရတော့ ဦးအုန်းမောင်က တော်တော့်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရတာ။ သူများနိုင်ငံက ရိုက်တဲ့ရုပ်ရှင်ကားတွေ သူကြည့်တယ်။ ရုပ်ရှင်ရိုက်ချင်တဲ့အခါကျတော့ ကင်မရာရှာတယ်။ သူ့မှာ ဓာတ်ပုံဆိုင်တစ်ဆိုင်ကနေပြီးတော့ ကင်မရာလေး တစ်လုံးရလာတယ်။ သူများသုံးပြီးသား ကင်မရာလေး။ ရလာတော့ ဝမ်းသာအားရနဲ့ အဲဒီကင်မရာလေး ရိုက်မယ်လို့ ကြည့်လိုက်ရော။ အဲဒီကင်မရာမှာ မှန်ဘီလူးပါမလာဘူး။ ဘေဘီအင်ဇိုင်း BabyEnsign ကင်မရာလေးပေါ့။ အဲဒါနဲ့ နောက်ထပ်လိုက်ရှာရပြန်တယ်။ နောက်တစ်နေရာမှာ အဲဒါနဲ့ အလားတူတဲ့ဟာလေးကို သွားတွေ့တယ်။ နှစ်လုံးကို တစ်လုံးပေါင်းလိုက်တော့မှ ကင်မရာတစ်လုံးစာ ဖြစ်သွားတယ်။

ဦးမြင့်စိုး။ ။ ကင်မရာတစ်လုံး ရသွားတဲ့အခါမှာ ဖလင်မရှိဘူး။ ဖလင်မရှိတော့ နိုင်ငံခြားကားတွေ လာလာပြနေတဲ့ အိန္ဒိယက ကိုယ်စားလှယ် တစ်ယောက်ဆီကနေ အဲဒီဖလင်ကို မှာလိုက်ရော။ မှာလိုက်တော့ ဖလင်က ပေ ၂၀၀ စာပါတယ်။ ဆံ့တာက ၅၀ ပဲ ဆံ့တာဆိုတော့ အဲဒီမှာ ဖြတ်ပြီးတော့ လုပ်တယ်။ ဦးမောင်မောင်တို့၊ ဦးညီပုတို့နဲ့ တွေ့ပြီးရိုက်ကြတော့ Actor တွေကလည်း တစ်ခါမှရိုက်ဖူးတာ မဟုတ်တော့ အခုခေတ်လို ကားတွေ ဘာတွေလည်း မရှိဘူး။ ဟိုတယ်တွေ ဘာတွေလည်း မရှိတော့ တစ်ခါတည်း လှည်းတွေနဲ့ သွားတယ်လို့ ကြားဖူးတာပေါ့။ ဟိုတုန်းကတော့ ကန်တော်ကြီးလောက်ဆိုရင် တကယ့် တောဖြစ်နေပြီ။ ရိုက်တဲ့အခါကျတော့လည်း ဖလင်ရဲ့ ဆွဲအားကလည်း ကျွဲကော်ဖလင်ဆိုတော့ ညံ့သေးတာကိုး။ အာ... မည်းတူးပြီးတော့ ဘယ်လိုမှသုံးမရပြီး အဲဒီလိုပုံစံကနေမှ နောက်မှတဖြည်းဖြည်း သူတို့ ကင်မရာကို ပြောင်းတယ်။ ကင်မရာကို သူတို့အခြေအနေအရ ရလိုက်တဲ့အခါ ဆင်ကလဲယား ထင်တယ်။ ဆင်ကလဲယား ကင်မရာနဲ့ ရိုက်တဲ့အခါကျမှ ဒီမေတ္တာနဲ့သူရာ ဆိုတဲ့ကားက ထွက်လာတယ်။ ဆိုလိုတာက ဦးအုန်းမောင်ရဲ့ ဇွဲပေါ့။ ကျွန်တော်တို့က တစ်ခါတစ်ခါကျ ညည်းတာပေါ့။ ငါတို့ဆီက စက်တွေက စုတ်နေတာပဲ။ အာ... အညံ့စားတွေ ဘာညာ။ ကျွန်တော်တို့က ညည်းဖူးတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ညည်းတဲ့ ကင်မရာက ဦးအုန်းမောင်ရဲ့ ကင်မရာနဲ့စာရင် အများကြီး ကောင်းသေးတယ်။ ဦးအုန်းမောင်ကတော့ မှန်ဘီလူးမရှိတဲ့ ကင်မရာဝယ်မိတယ်။ မှန်ဘီလူးရှိတော့ နောက်ဖလင်မရှိပြန်ဘူး။ ရိုက်ပြန်တော့လည်း မှန်ဘီလူးက ကျွတ်ကျ၊ နောက်တစ်ခါကျတော့ ဖလင်ကကုန်သွား။ မိုးကအုံ့လာ။ ဒီပြဿနာတွေနဲ့ သူဟာ နှစ်နှစ် သုံးနှစ်လောက် ကြိုးပမ်းပြီးတော့ မေတ္တာနဲ့ သူရာကို ရုံတင်လိုက်တဲ့အခါ ကျတော့လည်း ဝက်ဝက်ကွဲ အောင်မြင်သွားတော့ နောက်တစ်ကား။ သူဆက်မှန်းတယ်။

ကြည်စိုးထွန်း။ ။ သူက နောက်တစ်ကား အနေနဲ့ ကျေးတောသူ မနုဆိုတဲ့ ဟာလေးပေါ့လေ။ ဒီဝတ္ထုလေးကလည်း ကျွန်တော်သိသလောက် ဆရာတို့ ဖခင်ဦးတင်နွယ်ကနေပြီးတော့ဟာ ဒီဝတ္ထုလေးကောင်းတယ် ဆိုပြီးတော့ ပြောတာနဲ့ သူတို့ ဒုတိယအကြိမ် ရိုက်လိုက်ကြတယ်လို့ ပြောတယ် ဆရာ။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာ ပြောပါဦးဆရာ။

ဦးမြင့်စိုး။ ။ ရှင်းရှင်းပြောရရင် ပီမိုးနင်းပေါ့။ ဆရာကြီး ပီမိုးနင်းက မနု ကျေးတောသူဆိုတာက နာမည်မစားဘူးပေါ့ဗျာ။ ကျေးတောသူ မနုလို့ ပြောင်းလိုက်တော့ အဲဒီမှာ မင်းသားက ဦးညီပုပဲ။ အဲဒီမှာ မင်းသမီးမရှိဘူး။ မင်းသမီးကို သူတို့ ရှာတယ်ပေါ့ဗျာ။ ရှာတော့ဗျာ...။ စမ်းချောင်း မြို့နယ်မှာ အရပ်ယိမ်းမှာကတဲ့ ယိမ်းသမ တစ်ယောက်ပေါ့။ နှာတံပေါ်ပေါ်လေး။ ကိုယ်လုံးလေးက ကျစ်ကျစ်လျစ်လျစ် မငွေမြိုင်ပါ နာမည်က။ တွေ့တော့ကာ ရွေးလိုက်ရော။ ရွေးလိုက်တော့ကာ ဇာတ်လမ်းအရဆိုရင် ဦးညီပုက မောင်မြင့်နေရာမှာ၊ မငွေမြိုင်က မနုရဲ့ နေရာမှာ၊ လူကြမ်းက ဦးတုတ်ကြီး၊ ဦးပါကြီးက မနုရဲ့ အဖေ။ အဲဒီမှာ ရိုက်တော့ကာ စတူဒီယိုမရှိဘူးဗျ။ အတွင်းခန်း တွေရောက်ချင်တာ Indoor ပေါ့ဗျာ။ စတူဒီယိုမရှိ ဘာလုပ်သလဲဆိုတော့။ ပြည်မြို့ ထန်းတောမှာ အောက်ခြေက သုံးထပ်သားခင်း၊ တိုင်တွေစိုက်၊ ပိတ်ဖြူမိုးပြီးတော့ကာ ရိုက်တယ်။ ပိတ်ဖြူမိုးတော့ နေရောင်က တိုက်ရိုက် မဖြစ်ဘူးပေါ့။ ရှင်းရှင်းပြောလို့ရှိရင် Filter ခံပြီးသား။ အဲဒီမှာ ကျွန်တော်တို့ ဇာတ်ကားကို သုံးလတည်းနဲ့ အပြီးရိုက်တာ။ သုံးလအပြီးဆိုတော့ ရှေးတုန်းကတော့ မြန်တယ်ခေါ်တာပေါ့။ အခုခေတ်ဆိုလို့ ရှိရင်တော့ ကြာတယ်ခေါ်တာပေါ့။ ဒါပေမယ့် ဟိုတုန်းကတော့ မြေစမ်းခရမ်းပျိုးကြတာ။ အဲဒါ ဘယ်မှာပြလဲဆိုတော့ကာ ၁၉၂၁ ခုနှစ် မတ်လ စီနီမာဒီပဲရစ်ရုံမှာပဲ ပြတယ်။ အမှန်က သူ့နာမည်က မငွေမြိုင် ဇာတ်ကားထဲမှာ ကတော့ မနု။ အဲဒီကနေစပြီးတော့ မင်းသမီး ခင်ခင်နုဆိုပြီးတော့ နာမည်ကျော်သွားတယ်။

ကြည်စိုးထွန်း။ ။ ဪ... သူ့ဇာတ်ကားထဲက နာမည်က တစ်ခါတည်း အပြင်နာမည်ပါ ဖြစ်သွားတာပေါ့။ ဒါဆို ဦးကျောက်လုံးလိုပေါ့ ဆရာရယ်။ ဦးကျောက်လုံးနာမည်က ဦးအောင်ကြီး ဆရာ။ ဒါပေမယ့် ဤလူ့ဘောင်တွင်မှာ ထင်တယ်။ သူက ဦးကျောက်လုံးတဲ့ ဇာတ်ကောင်နာမည်က။ ဦးကျောက်လုံးက သိပ်အောင်မြင်တဲ့အခါကျတော့ ဦးအောင်ကြီး နာမည်ပျောက်သွားပြီး ဦးကျောက်လုံးဆိုပြီး ဖြစ်သွားတယ်။ အဲဒီလိုနေမှာပေါ့ ဆရာ။ အခု ခင်ခင်နုမလည်း မငွေမြိုင် ပျောက်ပြီးတော့ ခင်ခင်နုဖြစ်သွားတယ်။

ဦးမြင့်စိုး။ ။ ဘယ်လောက်တောင် ပရိသတ်က အစွဲကြီးသလဲဆိုလို့ရှိရင် အဲဒီအစွဲကိုယူပြီးတော့ သူ့နာမည်ပါ ပြောင်းပစ်ရတယ်။ မငွေမြိုင်လည်း ခင်ခင်နုဖြစ်သွားတယ်။

ကြည်စိုးထွန်း။ ။ အဲဒီမှာ ထူးခြားတာတစ်ခုက ကားပြတဲ့အခါမှာကျွန်တော်တို့ တီးလုံးနဲ့ပေါ့ ဆရာ။ အရင်က ကျွန်တော် ကြားဖူးတာကတော့ မေတ္တာနဲ့သူရာမှာ စန္ဒရားတစ်လုံးတည်းနဲ့ ဇာတ်ပို့တာပေါ့။ ဒီဟာကျတော့ တိုးတာလည်းပြောတယ် ဆရာ။ အဲဒီအကြောင်းလည်း ပြောဦး ဆရာ။

ဦးမြင့်စိုး။ ။ တိုးတာကတော့ ကျွန်တော် ထင်တယ် တီးလုံးပေါ့ဗျာ။ တီးလုံးဆိုတာကတော့ နောက်ကပို့ပေးတာပေါ့။ ပြေးတယ် လိုက်တယ်ဆိုရင် မြန်မာ့ဂီတ သံစဉ်အရ ဗိန်းဗောင်းတီးတာပေါ့။ ရိုးရိုးချစ်ခန်းဆိုရင် တယောလေး တီးတာပေါ့ဗျာ။ အဲဒါမျိုးတွေပါ။ သူ့ရဲ့လှုပ်ရှားမှုရဲ့ သဘောသဘာဝအရ ကျွန်တော်တို့ နောက်ခံပေးတဲ့ ဂီတလည်း ပြောင်းလာတဲ့ အပိုင်းလေးတွေ ရှိတာပေါ့။ ဒါကတော့ ကျွန်တော် ထင်တယ်လေ မြန်မာ့ဇာတ်သဘင်တို့ရဲ့ ထုံးတမ်းစဉ်လာအရ ဖြစ်လာတာကိုး။ မြန်မာ့ရဲ့ မူရင်းဇာစ်မြစ်ပေါ့ဗျာ။ မြန်ရင် မြန်တယ်။ ဗိန်းဗောင်းတီးတယ်။ အလွမ်းခန်းတွေ ဘာတွေဆိုရင် တယောလေးနဲ့ ချွဲချွဲပျစ်ပျစ် ဒါကတော့ ဖြစ်စဉ်ရဲ့ သဘာဝအရ တီးလုံးက သရုပ်ဖော်ပေးရတယ်၊ ပံ့ပိုးပေးရတယ်။ မေတ္တာနဲ့ သူရာတုန်းကတော့ ရုပ်ရှင်တီးလုံးရယ်လို့ မရှိဘူး။ ကျပန်း ဇာတ်သဘင်တီးလုံးတွေ ယူပြီးတော့ တီးတယ်။ စန္ဒရားတစ်လုံးပဲ။ ကျေးတောသူ မနုကျတော့ကာ ဘာပါလဲဆိုရင် စန္ဒရားအပြင်၊ တယောတို့၊ မယ်ဒလင်တို့ ပံ့ပိုးပေးနိုင်တဲ့ဟာ၊ ရုပ်ရှင်ရဲ့ ပုံရိပ်ရသကို ပိုပြီးတော့ကြွအောင် ဖန်တီးပေးနိုင်တာလေးတွေ သုံးလာတယ်။ မြန်မာ့ရဲ့တေးဂီတ တူရိယာပိုင်းရဲ့ ဉာဉ်ပေါ့ ဗျာ။

ကြည်စိုးထွန်း။ ။ ဆရာ အဲဒီ မှာ အဆိုတော်လည်း ပါလာတယ်ထင်တယ်။

ဦးမြင့်စိုး။ ။ အဆိုတော်လည်း ပါလာတယ်။ အဆိုတော်ပါလာတာက ဘာလို့တုံးဆိုတော့ အမှန်တော့ တီးလုံးချည်းပဲဆိုရင် ငြီးငွေ့တယ်ပေါ့နော်။ အဲဒီထဲမှာ အဆိုလည်းပါတယ်။ လွမ်းလို့ရှိရင် လွမ်းချင်းပေါ့ဗျာ။ ချွဲတယ်ပေါ့ဗျာ အမှန်ကတော့။

ကြည်စိုးထွန်း။ ။ မြန်မာ့ရုပ်ရှင်မှာတော့ ဒီကားမှာ စပြီးတော့သီချင်းဆိုတာ ပထမဆုံးပေါ့။

ဦးမြင့်စိုး။ ။ အဆိုတော်ကလည်း ဘယ်သူလဲဆိုတော့ ဦးဖြိုးတဲ့ ကိုဖြိုးတဲ့။

ကြည်စိုးထွန်း။ ။ ဒါ ဦးဖြိုးကတော့ ပထမ ဆုံး အဆိုတော်ပေါ့ ရုပ်ရှင်မှာ။

ဦးမြင့်စိုး။ ။ မြန်မာ့ ရုပ်ရှင်ရဲ့ ပထမဆုံး နောက်ခံတေးဂီတ အဆိုတော်ပေါ့ ဗျာ။ အဆိုတော် ဆိုတော့လည်း သိတဲ့အတိုင်းပေါ့ ဗျာ။ မြန်မာ့ရုပ်ရှင်ရဲ့ လှုပ်ရှားမှုကို တေးဂီတနဲ့ ပံ့ပိုးပေးတာပေါ့ဗျာ။ မြန်မာတင်မဟုတ်ဘူးပေါ့ဗျာ။ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် တေးဂီတရဲ့ရသက အဖြစ်အပျက်ကို ပို့ပေးနိုင်တယ်‌ပေါ့။

ဦးမြင့်စိုး B.A(Cinema)

 

75316051_2398566473717180_608610897501356032

 

73388497_2398566850383809_6913204025638780928