၂၂ ဧပြီ
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဒဂုံနှင့် စစ်ကိုင်းအသင်း နိုင်ပွဲရယူခဲ့သည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက Southern အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံ အသင်းသည် ယခုရာသီ ဒုတိယမြောက်နိုင်ပွဲရယူပြီး တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်နိုင်ခဲ့သည်။ ဒဂုံနှင့် Southern အသင်းတို့သည် ခြေစွမ်းအရ ကွာခြားမှုမရှိသောကြောင့် အပြန်အလှန်ရှိခဲ့သော်လည်း အဝေးကွင်း ရလဒ်ဆိုးနေသည့် Southern အသင်းသည် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။
ဒဂုံအသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး Southern အသင်းမှာလည်း ကောင်းစည်သူ၊ ထူးထူးအောင်၊ ရှိုင်းသူရတို့ဖြင့် အမာခံကစားသမားအစုံအလင် အသုံးပြုခဲ့သည်။ ပွဲအစတွင် ဒဂုံအသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၁၃ မိနစ်တွင် ဇွဲခန့်က ဒဂုံအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သည်။
ဂိုးပေးလိုက်ရ၍ Southern အသင်း တိုက်စစ်အားမြင့်သော်လည်း တိုက်စစ်ကစားပုံ မကောင်းသောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ၄၈ မိနစ်တွင် Southern အသင်း ချေပဂိုးပြန်ရခဲ့ပြီး အောင်ဝဏ္ဏစိုးက ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး သွင်းယူခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိလာပြီး ၅၈ မိနစ်တွင် ဘမ်ဘာက ဒဂုံအသင်းအတွက် ဒုတိယဂိုးသွင်းယူသော်လည်း ၇၈ မိနစ်တွင် ကောင်းစည်သူက Southern အသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့သည်။
ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သည့် ဒဂုံအသင်းသည် နှစ်ဂိုးစီသရေကျပြီး နောက်ပိုင်းတွင်လည်း သုံးမှတ် အပြည့်ရစေမည့် အနိုင်ဂိုးရခဲ့ပြီး ၈၉ မိနစ်တွင် ဇွဲခန့်က သွင်းယူခဲ့သည်။
မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ဧရာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲအနိုင်ရလျှင် ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အခွင့်အရေးလက်လွှတ်ခဲ့ရသလို ယခုရာသီ ပထမဆုံးရှုံးပွဲနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယခုရာသီတွင် ပုံစံကောင်းပြသနေသည့် စစ်ကိုင်းအသင်းသည် နည်းပြချုပ် ဦးဇော်လင်းထွန်းလက်ထက်တွင် ရလဒ်ကောင်းများရနေပြီး နာမည်ကြီး ဧရာဝတီအသင်းကို အနိုင်ကစားနိုင်ခဲ့သည်။ ၃ မိနစ်တွင် ဖရိုင်းဒေးက စစ်ကိုင်းအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သော်လည်း ခြောက်မိနစ်တွင် သီဟဇော်က ဧရာဝတီအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ စစ်ကိုင်းအသင်းသည် အိမ်ကွင်း၌ အသာစီးမှ ကစားနိုင်ခဲ့ပြီး ၃၅ မိနစ်တွင် ဖရိုင်းဒေးက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် စစ်ကိုင်းအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး အမှတ်ပြည့်ရယူနိုင်ခဲ့သည်။
ပွဲစဉ် (၈) အပြီးတွင် ရတနာပုံအသင်းက ၁၇ မှတ်ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းက ၁၆ မှတ်စီ၊ စစ်ကိုင်းနှင့် ဧရာဝတီအသင်းက ၁၅ မှတ်စီ၊ ရခိုင်အသင်းက ၁၁ မှတ်၊ Southern အသင်းက ခုနစ်မှတ်၊ ဒဂုံနှင့် ဇွဲကပင်အသင်းက ခြောက်မှတ်စီ၊ မကွေးအသင်းက လေးမှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်