ရန်ကုန် ၁၃ ဇန်နဝါရီ
ဒဂုံတက္ကသိုလ်ကျောင်းသားများ စုပေါင်းဖွင့်လှစ်သည့် တော်ဝင်မြေစာပေတိုက်ကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် စာကြည့်တိုက်ဝင်းအတွင်း ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ တော်ဝင်မြေစာပေတိုက်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာနုနုရည်၊ ဒေါက်တာနေသွယ်ကြည်နှင့် ကျောင်းတာဝန်ရှိသူများက စာပေတိုက်ရှေ့တွင် မုဒိတာစကားများ လာရောက်ပြောကြားခဲ့ကြသည်။
ဒဂုံတက္ကသိုလ်ထူထောင်ပြီး ၂၆ နှစ်တာကာလအတွင်း တက္ကသိုလ်စာကြည့်တိုက်ရှိသော်လည်း စာအုပ်အရောင်းဆိုင်မရှိသေး၍ လက်ရှိကျောင်းသားများနှင့် ကျောင်းသားဟောင်းများ စုပေါင်း၍ ယခုကဲ့သို့ စာပေတိုက်ဖွင့်လှစ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဉီးဖြစ်သူ ကိုကောင်းဆုသာက စာပေတိုက်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ကျောင်းတက်ကတည်းက စာအုပ်လိုချင်တယ်ဆိုရင် ကျောင်းထဲမှာ၊ မြောက်ဒဂုံထဲမှာ စာအုပ်ဆိုင်က မရှိဘူး။ အဲဒီအခါကျရင် လှည်းတန်းတို့၊ မြို့ထဲတို့လိုနေရာတွေကို အဝေးကြီးသွားရတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ကိုယ်တိုင်လဲ ကျောင်းထဲမှာ စာအုပ်ဆိုင်လေးတစ်ဆိုင် လိုချင်တယ်။ အဲဒီစိတ်ကူးလေးနဲ့ပဲ ကျွန်တော်တို့ ကျောင်းပြီးသွားတဲ့အခါမှာလဲ နောက်ကတက်လာတဲ့ ညီတွေ၊ ညီမတွေ အဆင်ပြေအောင် စာအုပ်ကလေးတွေ နီးနီးနားနားမှာ ဝယ်ယူလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်တာပါ” ဟု ပြောကြားသည်။
စာပေတိုက်တွင်း ရသစာပေ၊ သုတစာပေ၊ နိုင်ငံရေးစာပေ အမျိုးအစားများသာမက ဘာသာရပ်ဆိုင်ရာစာပေများကို ကဏ္ဍအလိုက် ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။ တော်ဝင်မြေ စာပေတိုက်ကို ကျောင်းချိန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပြီး အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ တောင်းဆိုမှုကြောင့် စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ရက် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း