ရန်ကုန်  ၂၃  စက်တင်ဘာ 

 

လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးသည့် ''ဓားငပြူး'' ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

'' ဓားငပြူး '' ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီမြင့်မြတ်၊ ရွှေသမီး၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ဝါဝါအောင်၊ Kညီနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး ပန်းသေးကုန်းဟူသော ခပ်ဆန်းဆန်းနာမည်နှင့်ရွာတွင် ငပြူးဆိုသော မိဘမဲ့တစ်ကောင်ကြွတ် ခပ်အူအူလူငယ်လေးတစ်ယောက်ကို အခြေခံပြီး ဟာသဆန်ဆန် ရိုက်ကူးထားသည်။

 

ဒါရိုက်တာ ကျော်သားကြီး က '' ဓားငပြူးဆိုတာက သူ့ကရပ်ရွာထဲမှာ ဓားကိုခိုးမိတယ်ဆိုတဲ့ အချိန်က စပြီး ဓားငပြူးဆိုပြီး နာမည်တွင်သွားတယ်။ဇာက်ကားမှာ ဓားငပြူးဆိုတဲ့ပုံစံလေးလဲပေါ်အောင် ဒီဇိုင်းလေးလဲ ကြည့်ရတာလဲမရိုးအောင် ဒီဇိုင်းဆရာကို ပုံလေးဆွဲခိုင်းပြီး ဖန်တီးထားတယ်။ဒီဇာက်ကားမှာ ရွာမှာရှိတဲ့ သူတွေက လူတစ်ယောက်ကစကားပြောလိုက်ရင် ဒီစကားကို ဘာမှန်းညာမှန်းမသိဘဲ အမှန်ထင်တယ်။ သူတို့တွေလိုက်ယောင်ကြရင်းနဲ့ ဓားငပြူးကို ဘိုးတော်ငပြူးဆိုပြီးဖြစ်သွားတာပေါ့။ဒီဇာက်ကားလေးက ဖျော်ဖြေရေးသက်သက်အနေနဲ့ပဲ ဇာက်ကားတစ်ကားအဖြစ်ရိုက်ထားတာပါ။ဒီဇာက်ကားကို သွားရေးလာရေး အဆင်ပြေအောင် သံလျင်မှာပဲရိုက်ထားတာ။ရိုက်ထားတာကလဲ ၂နှစ်လောက်ရှိနေပြီ။ ဒီဇာက်ကားလေးက ဒရမ်မာလေးလဲရောထားတယ်။ပရိသတ်အနေနဲ့လာအားပေးပါလို့ပြောချင်ပါတယ်။

 

သရုပ်ဆောင် ရွှေသမီး က '' ဒီဇာက်ကားထဲမှာ ဦးဇော်ဝင်းနိုင်ရဲ့တူမဂျမ်းရတီဆိုတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ထားပါတယ်။ ရွာမှာအလှအပလည်းကြိုက်တယ်။ နာမည်ကြီးချင် ပေါ်ပြူလာ ဖြစ်ချင်တဲ့သူပေါ့။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ခဲ့တယ် ဆိုပေမယ် အခုပြန်ကြည့်တဲ့အခါ သရုပ်ဆောင်ရတာ ကွက်တိကျသွားတယ်လို့မြင်တယ်။ ဒီဇာက်ကားမှာ အဝတ်အစားကို ဒီဇိုင်းလေးတွေထွင်ပြီးဝတ်တယ်။ ၂နှစ်လောက်အချိန်ဆိုပေမယ် ဒီဇိုင်းလေး တွေက ရိုးသွားတာမရှိဘူး။ ဦးခင်လှိုင်တို့နဲ့တွဲပြီး သရုပ်ဆောင်ရတော့ အမီတော့လိုက်ရတယ်။ တွဲဖက်ပြီးသရုပ်ဆောင်ရတဲ့အခါ ကျန်နေခဲ့ လို့လည်းမရဘူး။ ရှေ့ကိုရောက်နေ လို့လည်း မရဘူး။တစ်ပြေးညီသွားနိုင်မှ ဒီဇာက်ကားက ဆွဲဆောင်မှုရှိတာ။ မနည်းမီအောင်တော့ လိုက်ရတယ်'' ဟု ပြောသည်။

 

သရုပ်ဆောင် ခင်လှိုင် က '' အဲဒီဇာက်ကားလေးက ရိုက်ကတည်းက သဘောကျတယ်။ နာမည်လည်း ဆန်းတယ်။ ရိုက်တုန်းကလည်း ထူးထူးခြားခြားလေးတွေလုပ်ခဲ့ရတယ်။ရွာဆိုက်ဆိုပေမယ့် ဒါရိုက်တာကနေ ဒီဇာက်ကားမှာ ရွာလိုမျိုးမဝတ်ဘဲနဲ့ ကိုးရီးယားမင်းသားရူးပုံစံလေးဝတ်ပေးပါဆိုလို့ ထူးထူးခြားခြားလေး အဝတ်အစားလည်းသုံးဖြစ်တဲ့ကားပါ။ရွာကားဆိုရင် ဖလံထည်မျိုး ဝတ်ရတာများတယ်။အခုကားမှာတော့ ကိုရီးယားမင်းသားရူးဆိုတော့ အဝတ်စားက တော်တော်လေးဝတ်ရပါတယ်။ဒီဇာက်ကားက ကျေးလက်ဟာသ ကားဖြစ်တဲ့အတွက် ကျေးလက်ဟာသကတော့ မရိုးဘူး။ မြို့ဟာသဆို အမြဲတမ်း အသစ်အဆန်း ဖြစ်နေဖို့မလွယ်ဘူး။ကျေးလက်ဟာသကတော့ ရိုးမသွားဘူး။လွန်ခဲ့တဲ့နှစ်နှစ်လောက်က ရိုက်တဲ့ကား ဖြစ်ပေမယ့် ဟောင်းတဲ့ကားလို့မထင်ရဘူး '' ဟု ပြောသည်။

 

သရုပ်ဆောင် Kညီ က  '' ဓားငပြူးဇာက်ကားမှာ မြင့်မြတ်သူငယ်ချင်း စကားထစ်တဲ့ သူတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ မြင့်မြတ်နဲ့လည်း သူငယ်ချင်းဖြစ်တဲ့အတွက် ဒီဇတ်ကားမှာလည်း သူငယ်ချင်းဆိုတော့ သရုပ်ဆောင်ရတာ မုဝင်ပါတယ်။ သာမန်စကားပြောတာမဟုတ်ဘဲ စကားကို အထစ်အထစ်ပြောတာမျိုး သရုပ်ဆောင်ထားတယ်။ အထစ်အထစ်အနေနဲ့ သရုပ်ဆောင်ရတာ အခက်အခဲမရှိပါဘူး။ သူငယ်ချင်းတွေထဲမှာလည်းရှိတယ်။အပြင်လောကမှာလည်းရှိတယ်။ သူတို့ကို အတုယူရတယ်။ ဒိုင်ယာလော့ ပေးထားတဲ့အပေါ်မှာ Mood ထည့်ပြီးလုပ်ရတော့ ရယ်စရာလေးဖြစ်သွားတယ်။ ဒီဇာတ်ကားက တောရွာလေး တစ်ခုမှာဖြစ်နေတဲ့ အဖြစ်ပျက်လေးကို ဟာသလေးနှောပြီး ရိုက်ထားတာပါ။ ဒီဇာက်ကားကြည့်တဲ့ ပရိသတ် အနေနဲ့ အမောပြေမယ်လို့ ယုံကြည်ပါတယ် '' ဟု ပြောသည်။

 

သတင်း/မင်းသစ်(MNA)

 

ဓာတ်ပုံ/နေလင်း