မန္တလေး ၁၈ မေ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများအား လိုက်လံရန်ပြုနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ဒေါနဘွားရပ်ကွက်၊ ၁၄×၆၆ လမ်းထောင့်တွင် မေ ၁၈ ရက် နံနက် ၄ နာရီအချိန်ခန့်က ဓားရှည်ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများအား လိုက်လံရန်ပြုနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
လမ်းသွားလမ်းလာများအား လူတစ်ဦးမှ ဓားရှည်ဖြင့် လိုက်လံခုတ်၍ ရန်ပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦးက လာရောက်အကြောင်းကြားခဲ့ကြောင်း၊ နယ်မြေ အတွင်းလှည့်ကင်းဆောင်ရွက်နေသည့် အမှတ်(၁) နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်မျိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အသက် (၄၅)နှစ်ခန့် အမျိုးသား တစ်ဦးသည် အရိုး ၇ လက်မ သွား ၁၉ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားရှည် ၁ ချောင်းဖြင့် လမ်းသွားလမ်းလာများအား ရန်ပြုတိုက် ခိုက်နေသည်ကိုတွေ့ရှိရကြောင်း၊ ဓားချပြီးအဖမ်းခံရန် အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ တာဝန်ထမ်းဆောင်နေသူများအား ဓားဖြင့် ဆက်လက်ရန်ပြုနေသဖြင့် နောက်ဆုံးအကြိမ် ဓားရှည်အား ချရန်နှင့် မချပါက သေနတ်ဖြင့်ပစ်ခတ်မည်ဟု ပြောဆိုသော်လည်း ထပ်မံရန်ပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သိုပါသောကြောင့် ဒုရဲအုပ်အောင်ကျော်မျိုးမှ (၃၈)ဗို့ခြောက်လုံးပြူးဖြင့် (၁)ချက်ပစ်ခတ်ရာ ယာခြေမျက်စိအထက် ထိမှန်သော်လည်းဆက်လက်ရန်ပြုနေသဖြင့် ထပ်မံ၍ ခြောက်လုံးပြူးဖြင့်ပစ်ခတ်ရာ ဝဲလက်မှ ဝမ်းဗိုက်သို့ ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဓားကိုင်သောင်းကျန်းနေသူအား မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုသခဲ့ရာ ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ဓားကိုင်သောင်းကျန်းတဲ့သူကို မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပို့ဆောင်ပေးပြီး နာရီဝက်ခန့်အကြာမှာ သေးဆုံးသွားခဲ့တာပါ'' ဟု ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
အိမို့မို့ခိုင်
Photo မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် - မန္တလေး