နေပြည်တော် ၄ ဇန်နဝါရီ 

ဇန်နဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်က မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ဒေါက်တာ ထွယ်လု (၄၆) နှစ် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံ) သည် ၎င်း၏နေအိမ်ရှေ့ ဆေးခန်းတွင် တစ်ဦးတည်းရှိနေစဉ် မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်းရပ်ကွက် နေ ဆမ်မွန်း(၅၂)နှစ် ရောက်ရှိလာပြီး ဒေါက်တာထွယ်လု၏ လည်ပင်းအား ဓားဖြင့် ထောက်၍ ပိုက်ဆံ တောင်းစဉ် အိမ်အနီးပတ်ဝန်းကျင် နေသူများ ရောက်ရှိလာကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ဒေါက်တာ ထွယ်လုတွင် ယာလက်မ၊ လက်ခုံ၊ ဝဲချိုစောင်းပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဆမ်မွန်း အား မြစ်ကြီးနားမြို့မရဲစခန်းမှ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)