မတ္တရာ၊  ၃ ဇန်နဝါရီ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သမင်တွင်းကျေးရွာတွင် ဇန်နဝါရီ ၂ ရက်နေ့ ည ၁၁ နာရီအချိန်က သမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးသဖြင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာဦး နေအိမ်၌ရှိနေစဉ် ၄င်း၏သမီးဖြစ်သူ မသွယ်ဇင်ဝင်းတို့ လင်မယားနှစ်ယောက် ရန်ဖြစ်နေကြောင်း အိမ်နီးချင်းတစ်ဦးမှပြောကြားသဖြင့် သမီးဖြစ်သူနေအိမ်သို့ သွားရောက်ခဲ့ရာ ဒေါ်စန္ဒာဦး၏ ခင်ပွန်းဖြစ်သူ ဦးဇော်မျိုးဝင်းသည် နေအိမ်ကြမ်းပြင်တွင် လဲကျနေသည်ကိုတွေ့ရကြောင်း၊ မေးမြန်းရာ အခင်းမဖြစ်မီအချိန်က မသွယ်ဇင်ဝင်း၏ ခင်ပွန်းဖြစ်သူ ရဲရင့်အောင်က နေအိမ်သို့ ပြန်ရောက်လာပြီး ယောက္ခမဖြစ်သူမှ ရန်ရှာနေကြောင်းပြောဆိုပြီး စတီးဓားဦးချွန်တစ်ချောင်း ယူဆောင်၍ ထွက်သွားသဖြင့် နောက်မှ လိုက်မှသွားခဲ့ရာ သမင်းတွင်းကျေးရွာ၏ လမ်းသုံးခွဆုံရာတွင် ဖခင်ဖြစ်သူနှင့် ခင်ပွွန်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေပြီး ရဲရင့်အောင်မှ ဖခင်ဖြစ်သူ ဦးဇော်မျိုးဝင်းအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးဇော်မျိုးဝင်းမှာ လမ်းပေါ်သို့လဲကျစဉ် ရဲရင့်အောင်မှ ထွက်ပြေးသွားကြောင်း၊ ယင်းနောက်အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဦးဇော်မျိုးဝင်းအား မတ္တရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ကြောင်း  မသွယ်ဇင်ဝင်းက ပြောပြသည်။

 

အဆိုပါ ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူ ဦးဇော်မျိုးဝင်းအား သေဆုံးအောင်ပြုလုပ်သူ  ရဲရင့်အောင်အား အရေးယူပေးပါရန် ဒေါ်စန္ဒာဦးမှ တိုင်တန်းသဖြင့် မတ္တရာမြို့မစခန်းမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)