ဓာတ်အားခ အပြောင်းအလဲနှင့် သူတို့ အမြင်စကားဝိုင်းကျင်းပ

၉ ဇူလိုင်


ဓာတ်အားခအပြောင်းအလဲနှင့် သူတို့အမြင်စကားဝိုင်းတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ Miss Universe Myanmar (2016) ထက်ထက်ထွန်းနှင့် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-


ဦးကိုကို (စက်မှုတက္ကသိုလ်) ။ ။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့ကစပြီး လျှပ်စစ် ဓာတ်အားခ ပြောင်းလဲသတ်မှတ်တာနဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထွက်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားထဲမှာ ထောက်ခံတဲ့သူရှိသလို ဝေဖန်သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တယ်လို့ ပြောကြတာလည်း ရှိသလို စိုးရိမ်ပူပန်တာ တွေလည်း ရှိနေပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဒီနေ့မှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးကနေစပြီး ဆွေးနွေး စေချင်ပါတယ်။ လျှပ်စစ်ဓာတ်အားခ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ဆွေးနွေးစေချင်ပါတယ်ခင်ဗျ။


ဒုတိယဝန်ကြီး ။ ။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို ရေအားနေထုတ်ပါတယ်။ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတွေကနေ ထုတ်ပါတယ်။ ဒီလိုထုတ်လုပ်တဲ့အခါမှာ စက်ရုံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ရှိပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ လာရောက်တည်ဆောက်တဲ့ ဓာတ်အားပေးစက်ရုံတွေက ဓာတ်အားကိုလည်း ဝန်ကြီးဌာနအနေနဲ့ ပြန်လည် ဝယ်ယူပြီးမှ ပြည်သူကို ဖြန့်ဖြူးပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူစရိတ်တွေ ရှိပါတယ်၊ ကိုယ်တိုင်ထုတ်လုပ်စရိတ် ရှိပါတယ်။ ဒီလိုစရိတ်တွေရှိပေမယ့် ပြည်သူကို ရောင်းချတဲ့ ဓာတ်အားခဈေးနှုန်းမှာ ရောင်းတဲ့ဈေးနှုန်းက နည်းပါးပါတယ်။ ဒီလို ပြန်လည်ရောင်းချတဲ့ ဈေးနှုန်းနည်းပါးတဲ့အတွက်ကြောင့် နှစ်စဉ်မူလထုတ်လုပ်စရိတ်၊ ဝယ်ယူစရိတ်တွေကို ပြန်လည်ကာမိအောင် မရရှိခဲ့ပါဘူး။ ဒီအတွက်ကြောင့် နိုင်ငံတော် ဘတ်ဂျက်ကနေ နှစ်တိုင်းစိုက်ထုတ် သုံးစွဲသွားရတာ ဖြစ်ပါတယ်။ အဲဒီလို စိုက်ထုတ် သုံးစွဲသွားရတဲ့ ဘတ်ဂျက်ပမာဏတွေဟာ ပြည်သူကို ဓာတ်အားပိုပေးလေ၊ စိုက်ထုတ် ရတဲ့ နှုန်းထားပမာဏ နှစ်စဉ်ပိုမိုမြင့်မားလာလေဖြစ်ပါတယ်။ ဒီလိုနှစ်စဉ် ပိုမိုမြင့်မားလာ တော့ နိုင်ငံတော်က လက်ရှိ ပြည်သူလူထုကို လျှပ်စစ်မီးပေးနေတာ ၂၀၁၆ ခုနှစ်မှာ ၃၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာ ၄၅ ရာခိုင်နှုန်းအထိ မီးပေးလာနိုင်ပါပြီ။ နောက်ထပ်မီးပေးဖို့ ပြည်သူ ၅၅ ရာခိုင်နှုန်း ကျန်ရှိပါသေးတယ်။


မီးမရသေးတဲ့ ပြည်သူတွေအတွက် သူတို့နေထိုင်ရာ ဒေသတွေမှာ လျှပ်စစ်မီး ရအောင် ဓာတ်အားလိုင်းတွေ၊ ထရန်ဖော်မာတွေ တိုးချဲ့တည်ဆောက်ပေးရဖို့ ဘဏ္ဍာ ငွေတွေ သုံးသင့်ပါတယ်။ ဒါ့အပြင် တိုးတက်ပြီး လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်အား တွေ ထုတ်လုပ်နိုင်ဖို့ ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့တည်ဆောက်ဖို့၊ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေကို ဖိတ်ခေါ်ပြီးတော့ တိုးတက်ဝယ်ယူနိုင်ဖို့ ဘဏ္ဍာငွေတွေ လိုအပ်ပါတယ်။


ဘဏ္ဍာငွေအသုံးပြုနိုင်ဖို့ အင်မတန်အားနည်းလာ


အမြဲတမ်းတိုးမြှင့်ပြီး စိုက်ထုတ်လာရတဲ့ ငွေတွေကို ဒီလိုပဲအမြဲတမ်းစိုက်ထုတ် နေရမယ်ဆိုရင် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ဘဏ္ဍာငွေ အသုံးပြုနိုင်ဖို့ အင်မတန်အားနည်းလာပါမယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ဓာတ်အားခနှုန်းထား အပြောင်းအလဲလုပ်ဖို့ အချိန်သင့်ပြီဆိုပြီး အကြီးအကဲ တွေ အားလုံးလည်း သုံးသပ်ပါတယ်။ ကျွန်တော်တို့ဌာနတွေကလည်း တွက်ချက်ပြီးတော့ ဒီကိစ္စတွေကို စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဒုတိယဝန်ကြီးက ဓာတ်အားခ ပြောင်းလဲကောက်ခံရတဲ့ အကြောင်းရင်းကို ပြောပြသွားပါတယ်။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က စီးပွားရေးပညာရှင်တစ်ယောက်အနေနဲ့ စီးပွားရေး အမြင်နဲ့ ဘယ်လိုချဉ်းကပ် ဆွေးနွေးချင်ပါသလဲ။


ဒေါက်တာအောင်ထွန်းသက် ။ ။ ဒုတိယဝန်ကြီး ပြောသွားသလို နိုင်ငံတော်အနေနဲ့ ဓာတ်အားပေးတာနဲ့ ပတ်သက်ပြီး သုံးသပ်လို့ရှိရင် ထုတ်လုပ်စရိတ်နဲ့ ပြည်သူကို ကောက်ခံတဲ့ အခနှုန်းထားကြားထဲမှာ စိုက်ထုတ်မှုရှိနေပါတယ်။ မကြာခင်က ဝန်ကြီးဌာနက ကြေညာတဲ့အရာဟာ စီးပွားရေးရှုထောင့်က ကြည့်ရင် ပြုပြင်ပြောင်းလဲမှု တစ်ခုပါ။ လက်ရှိစိုက်ထုတ်မှုကို ပြန်လည်သုံးသပ်တယ်။ ဝန်ကြီးဌာနတိုင်း၊ နိုင်ငံတိုင်းမှာ subsidy နဲ့ ပတ်သက်ပြီး ပုံမှန်ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်တယ်။ ပြန်ကြည့် လိုက်ရင် ၂၀၁၄ ခုနှစ်တုန်းက တစ်ကြိမ်ပြန်သုံးသပ်တယ်၊ သုံးသပ်ပြီးတော့ သင့်တင့် လျောက်ပတ်တဲ့ နှုန်းထားတွေကို သတ်မှတ်ခဲ့တယ်။ နှုန်းထားတွေ သတ်မှတ်တဲ့အခါ ကျွန်တော့်အနေနဲ့ စီးပွားရေးရှုထောင့်တင်မကပါဘူး။ နိုင်ငံရေးဘောဂဗေဒအရ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးတာ လုပ်သင့်တဲ့အလုပ်တစ်ခုကို လုပ်ရတာ ဖြစ်ပါတယ်။


တိုးကောက်တာကို မကြည့် မရသေးတဲ့သူတွေအတွက် လုပ်ပေးတာ


ဒီလိုပေါ်လစီအသစ်လုပ်တဲ့အခါ အကျိုးရှိသလို အားနည်းချက်လည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဝန်ကြီးဌာနတွေအားလုံးရဲ့ တာဝန်ကတော့ အကျိုးရှိတာကို လူတွေ သိအောင်ပြောဖို့လိုသလို နစ်နာတာမျိုး မဖြစ်အောင်ပါ။ လက်ရှိအခြေအနေကို စီးပွားရေးရှုထောင့်ကနေကြည့်ရင် အခုလက်ရှိ စိုက်ထုတ်နေရတဲ့ ပမာဏက ဘယ်သူ တွေက အကျိုးအမြတ် အများဆုံးရနေသလဲ စဉ်းစားကြည့်ပါ။ ငွေကြေးသုံးစွဲနိုင်တဲ့ သူတွေက အကျိုးရှိပါတယ်။ လေအေးပေးစက်များများ ဖွင့်လေလေ သူ့အတွက် တန်လေပါပဲ။ နစ်နာတာကတော့ အခြေခံလူတန်းစားတွေပါ။ နောက်တစ်ခုက လျှပ်စစ် လုံးဝမရတဲ့ သူတွေပါ။ သူတို့အတွက်ရော မကြည့်သင့်ဘူးလား။ မျှော်လင့်တာကတော့ စိုက်ထုတ်မှုကြောင့် ဘဏ္ဍာငွေသက်သာမှုတွေကို အခြေခံပြီးတော့ မရသေးတဲ့ သူတွေ အတွက်ရအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင် တိုးမြှင့် ကောက်ခံခြင်းခံရသူတွေကို ပန်ကြားချင်တာကတော့ ဓာတ်အားခ တိုးကောက် တာကို မကြည့်ဘဲ မရသေးတဲ့သူတွေအတွက် လုပ်ပေးတာလို့ နည်းနည်းဆင်ခြင်လိုက်ရင် အခြေအနေတစ်ခု ပြောင်းသွားလိမ့်မယ်လို့ အောက်မေ့ပါတယ်။


ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဆရာကြီးက စီးပွားရေးပညာရှင် တစ်ယောက်အနေနဲ့သုံးသပ်ဆွေးနွေးသွားပါတယ်။ တစ်ဖက်မှာလည်း မီတာခ တိုးသွားတဲ့အတွက် အထူးသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာနိုင် ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး လုပ်ငန်းရှင်တွေဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေ၊ စိုးရိမ်သော ကလေးတွေကို ရှိနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာမ ဒေါ်ခိုင်ခိုင်နွယ်က ဆွေးနွေးပေးပါဦး။


ဒေါ်ခိုင်ခိုင်နွယ် ။ ။ တကယ်တမ်း ကုန်ကျစရိတ်နဲ့ ကောက်ခံတဲ့ နှုန်းထားကြားမှာ ဟနေတဲ့ကိစ္စပါ။ လုပ်ငန်းရှင်တွေအတွက် ကုန်ကျစရိတ်ကို ကြည့်ရပါတယ်။ နိုင်ငံတော်အနေနဲ့ ဒီလိုကွာဟနေတဲ့ စရိတ်ကို စိုက်ထုတ်ပေးနေရတာကိုလည်း နားလည် သဘောပေါက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဘက်ကကျတော့၊ ကျွန်မတို့ အထည်ချုပ် လုပ်ငန်းဘက်ကကြည့်ပြီး ဆွေးနွေးရမယ်ဆိုရင် အခုပေးနေတဲ့ နှုန်းထားနဲ့ နောက်ကောက်ခံမယ့် နှုန်းထားကို ကြည့်လိုက်တဲ့အခါ ယူနစ်နှစ်သောင်းလောက်သုံးတဲ့ လုပ်ငန်းက လျှပ်စစ်ဓာတ်အားခ ၃၇ ရာခိုင်နှုန်းလောက် တက်သွားပါတယ်။ ယူနစ်ငါးသောင်းလောက်ဖြစ်သွားရင် သုံးဆယ်ရာခိုင်နှုန်း ဖြစ်သွားတော့ ပျမ်းမျှမှာ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက် တက်ပါတယ်။ ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့အခါ ဒီလိုတက်တဲ့ကုန်ကျစရိတ်မှာ လျှပ်စစ်မီးပျက်တဲ့ ကာလတွေ ရှိပါတယ်။ လျှပ်စစ်မီးပျက်ရင် ကျွန်မတို့ ကုန်ကျစရိတ်က ပိုတက်ပါတယ်။ အဲဒီတော့ နိုင်ငံတော်ဘက်၊ လုပ်ငန်းရှင်ဘက် ကွာဟချက်ကို ကြည့်တဲ့အခါ ပြည့်မီအောင်မဟုတ်ဘဲ အထိုက်အလျောက် ကောက်ထားတဲ့အတွက် တာဝန်ရှိ ပြည်သူတစ်ယောက်အနေနဲ့ ပေးရမယ်ဆိုရင်လည်း တိုးမြှင့်ပါ၊ ဒါပေမယ့် မပျက်တော့ မပျက်ပါနဲ့လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လျှပ်စစ်ဓာတ်အားခတက်ပြီး တစ်ဖက်က လျှပ်စစ်မီးလည်း ပျက်တယ်ဆိုရင် ကျွန်မတို့ လုပ်ငန်းရှင်တွေအတွက် ကုန်ကျစရိတ်က တက်သွားပါလိမ့်မယ်။ ဒီသတင်းစကားလေးကို ပေးချင်ပါတယ်။ နောက်တစ်ခုက လုပ်သားထုဘက် မှာလည်း အိမ်စရိတ်က အထိုက်အလျောက် တက်လာပါလိမ့်မယ်။ အဲဒီလို တက်လာတဲ့အခါ သူတို့ ကုန်လာတဲ့စရိတ်က လုပ်ငန်းဘက်ကို ပြန်လာရင်ဆိုတဲ့ အကျိုးသက်ရောက်မှုကို ဖြေရှင်းရမယ့်အပိုင်းကလည်း စိန်ခေါ်မှုတစ်ခုဖြစ်လာမယ်လို့ မြင်ပါတယ်။


ဒီလိုစဉ်းစားနေပြီလားဆိုရင် စဉ်းစားနေပါပြီ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ အထည်ချုပ်က လက်ခစားမို့ပါ။ ချုပ်ခပဲ ရတာဖြစ်တဲ့အတွက် စရိတ်က နဂိုကတည်းက တော်တော်များနေပါပြီ။ အမှန်အတိုင်းပြောရရင် အထည်ချုပ်လုပ်ငန်း ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ လျှပ်စစ်မီတာခက ၃ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ ဒါထက်ထပ်ပြီး တက်သွားပြီး ချုပ်ခဝင်ငွေကို မတိုးနိုင်ဘူးဆိုရင် အခက်အခဲကတော့ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။


ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဆရာမက လုပ်ငန်းရှင်တွေရဲ့ အမြင်ကို ဆွေးနွေးသွားတာပါ။ မကြာသေးခင်က စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီးတော့ Miss Universe တစ်ယောက်လည်း ဖြစ်တယ်၊ ကိုယ်တိုင်က ပြည်သူတစ်ယောက်လည်းဖြစ်တယ်၊ သုံးစွဲသူပြည်သူတစ်ယောက်အနေနဲ့ လျှပ်စစ် ဓာတ်အား တိုးမြှင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။


ထက်ထက်ထွန်း ။ ။ လျှပ်စစ်ဓာတ်အားခ တိုးပြီးကောက်ခံတဲ့အခါ ပြည်သူ တွေအနေနဲ့ တိုးပြီး ကုန်ကျမှာတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါက သဘာဝပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ အရွေ့ဖြစ်ချင်ဖြစ်ပေမယ့် ပြည်သူဘက်ကတော့ သေချာတာ တစ်ခုက ပိုပြီးကုန်ကျမှာကို မကြိုက်ပါဘူး။ တိုးပြီးပေးဆောင်ရရင် ဘာတွေ ပြန်ရမလဲ ဆိုတဲ့ မျှော်လင့်ချက်ကတော့ ရှိမှာပါပဲ။ တိုတိုပြောရရင် ပြည်သူဘက်က မေးခွန်းတွေ ရှိနေပြီ။ ဇူလိုင် ၁ ရက်ကစပြီး တိုးပြီးပေးရတော့မယ်၊ ဘာတွေရမလဲဆိုတဲ့ မေးခွန်းပါ။


ဦးကိုကို(စက်မှုတက္ကသိုလ်)။ ။ မီတာခတိုးပေးလိုက်တဲ့အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ကောင်းလာမလဲဆိုတာ၊ မီးမပျက်စေချင်ဘူး ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒုတိယဝန်ကြီးအနေနဲ့ ဆွေးနွေးပေးပါဦး။


ဒုတိယဝန်ကြီး ။ ။ မီးမပျက်ဖို့ဆိုရင် လျှပ်စစ်ကို ပိုပြီးထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်မရသေး တဲ့ ပြည်သူတွေ မီးရအောင် ကြိုးစားတည်ဆောက်လာတဲ့အခါ အခုအစိုးရလက်ထက်မှာ ၃၄ ရာခိုင်နှုန်းနဲ့ စတဲ့နေရာကနေ ဒီနှစ်ကုန်ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ မီးရအောင်၊ ၂၀၂၁ ခုနှစ်အထိဆိုရင် ၅၅ ရာခိုင်နှုန်းအထိ မီးရအောင်ဆိုပြီး ရည်မှန်းချက် ထားဆောင်ရွက်ပါတယ်။ ဒီလိုရည်မှန်းချက် အောင်မြင်လေ၊ မီးသုံးစွဲမှု ပိုလာလေ ဖြစ်ပါမယ်။


တစ်ဖက်မှာလည်း ပြည်တွင်းစက်မှုလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုအားပေးပါတယ်။ အလားတူ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အားပေးပါတယ်။ ဒါကြောင့် Ease of Doing Business မှာဆိုရင်လည်း လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ ပတ်သက်တဲ့ကဏ္ဍကို ပိုပြီးတော့ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နေပါတယ်။ ရမှတ်တွေမှာ တိုးတက်ရရှိခဲ့ပါတယ်။ အဲဒီတော့ ရမှတ်တိုးတက်ရရှိလာတဲ့အတူ လျှပ်စစ်တိုးတက်သုံးစွဲမှုကလည်း များပြားလာပါတယ်။ အဲဒီတော့ မီးမပျက်အောင် ပေးနိုင်ဖို့ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍကို တိုးပြီးထုတ်လုပ် ဆောင်ရွက်ဖို့လိုပါတယ်။


အပြန်အလှန်အကျိုးပြုမယ့် အပြောင်းအလဲတစ်ရပ်


ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံတော်က တာဝန်ယူပြီး ဆောင်ရွက်တဲ့ကဏ္ဍကို တိုးပြီးဆောင်ရွက်ဖို့ လိုသလို ပုဂ္ဂလိကကဏ္ဍက လျှပ်စစ်ထုတ်တဲ့သူတွေရဲ့ ရင်းနှီး မြှုပ်နှံမှုကဏ္ဍကိုလည်း ကြိုဆိုပေးရမှာဖြစ်ပါတယ်။ ဒီလိုလာပြီး ထုတ်လုပ်ရင် သူတို့ရဲ့ ထုတ်လုပ်မှုစရိတ်ကို သူတို့က အရှုံးမခံနိုင်ဘူး။ သူတို့ရဲ့ အကျိုးအမြတ်ရတဲ့ နှုန်းနဲ့ပဲ ကျွန်တော်တို့ နိုင်ငံကို ရောင်းတဲ့အခါမှာ ဝန်ကြီးဌာနက ဝယ်ရပါတယ်။ ဝယ်တဲ့အခါ ဝယ်ယူစရိတ်ကို တတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါအတွက်ကြောင့် ပြန်လည်ရောင်းချတဲ့ နှုန်းနဲ့ ကျွန်တော်တို့ ဝယ်ယူရမယ့်နှုန်းကြားမှာ တအားကြီးကွာဟနေပြီး ဝယ်နိုင်တဲ့ ပမာဏနည်းသွားရင် လုပ်ငန်းရှင်ကိုပြန်ပြီး လျှပ်စစ်ဓာတ်အား ပြန်ပေးရမှာ အားနည်းသွားတာပါပဲ။ ဒါကြောင့် လျှပ်စစ်ဝယ်ယူသုံးစွဲမယ့် ပြည်သူနဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း သူတို့အတွက် လုံလုံလောက်လောက် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့၊ ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်သူထံက ဝယ်ယူနိုင်တဲ့ အားရှိအောင် ပြန်လည်ပံ့ပိုးပေးဖို့ လိုအပ်လာတဲ့ အစိတ်အပိုင်းလေး ပါပါတယ်။ ဒါကြောင့် ဒါဟာ အပြန်အလှန်အကျိုးပြုမယ့် အပြောင်းအလဲတစ်ရပ်လို့လည်း ကျွန်တော့်အနေနဲ့ ဆွေးနွေးလိုပါတယ်။


ဒီနေရာမှာ ဒီနေ့ မီတာခကိုပေးလိုက်ရင် ရုတ်ခြည်းပြောင်းလဲသွားမလားဆိုရင် ဒီလိုတော့ တွေးလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံ သူကို ဖိတ်ခေါ်ထားတယ်။ ရင်းနှီးမြှုပ်နှံသူလာတဲ့အခါ သူတို့လာပြီးထုတ်လုပ်တဲ့ ၅ နှစ်၊ ၁၀ နှစ်အတွက် ဝယ်မယ့်ဝန်ကြီးဌာနဘက်က ဝယ်နိုင်တဲ့ စွမ်းပကားရှိသလား ဆိုတာကို တိုင်းတာပါတယ်။ ဒါမှသာ သူတို့အတွက် အာမခံချက်ရှိမှာပါ။ ဝန်ကြီးဌာန က နှစ်တိုင်းချည်း subsidize အများကြီးလုပ်နေရင် နှစ်ရှည်ဘယ်လိုလုပ် ဝယ်နိုင်မလဲ ဆိုတာကိုလည်း သူတို့က စဉ်းစားပါတယ်။ ဒီအခါ ကျွန်တော်တို့ ဝန်ကြီးဌာနဘက်က ပြည်သူအတွက် အများကြီး subsidize မရှိဘူးဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ထုတ်ပေးမယ့်သူတွေ အများကြီးရောက်လာမှာပါ။ ဒီလို လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေ အများကြီးရောက်လာရင် လုပ်ငန်းရှင်တွေ လိုချင်တဲ့ မီးမပျက် အောင် ထုတ်လုပ်ပေးနိုင်တဲ့အခြေအနေကို မကြာမီနှစ်ကာလတွေမှာ မျှော်လင့်ချက်တွေ အားကောင်းလာတော့မှာ ဖြစ်ပါတယ်။ ဒါက စက်မှုလုပ်ငန်းရှင်တွေအတွက် ပြန်လည်ဖြေဆိုပေးတာ ဖြစ်ပါတယ်။


ပြည်သူတွေအတွက် အတတ်နိုင်ဆုံး ဝန်ဆောင်မှု ကောင်းအောင်၊ မီးမပျက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကလည်း Quick Response လုပ်ပေးနိုင်ရမယ်။ လတ်တလောမှာ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းခန့်ထားရေးကအစ subsidize ဖြစ်နေတဲ့ အချိန်ပါ။ ဝန်ထမ်းဦးရေ တိုးချဲ့ခန့်ထားမှုကို ကန့်သတ်ထားတယ်။ ကျွန်တော် တို့ဆီက ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဖြစ်နေတော့ ဝန်ထမ်းရှိမှ ဝန်ဆောင်မှုတွေကို လိုက်ပြီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကြက်ဥနဲ့ ကြက်မလို ဖြစ်နေပါတယ်။ ဒီလုပ်ငန်းကို စီးပွားရေးလုပ်ငန်းသဘောအရ လည်ပတ်နိုင်မှုရှိလာရင် ကျွန်တော်တို့က ဝန်ထမ်းတွေကို ပိုပြီးခန့်ထားနိုင်မယ်။ လေ့ကျင့်ပေးနိုင်မယ်၊ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနိုင်မယ်။ ဒီသဘောကြိုးစားပြီး စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။


ရှင်မင်း
(ဆက်လက်ဖော်ပြပါမည်)