ရန်ကုန်၊ ဇူလိုင် ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယနေ့နံနက်ပိုင်းက အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့ လိုက်ပါလျက် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ် မန်နေဂျာရုံးသို့ သွားရောက်၍ ဓာတ်အားခကြွေးကျန်အခြေအနေများ၊ ဓာတ်အားခကြွေး ကျန်ကျဆင်း ရေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် တရားမဝင်ဓာတ်အား သုံးစွဲမှုရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် တောင်ဥက္ကလာပမြို့နယ်အတွင်း ဓာတ်အားခကြွေးကျန် ကျဆင်းရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးနှင့် ခရိုင်စုဖွဲ့ဝန်ထမ်းများ မြို့နယ် အတွင်း စစ်ဆေးဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းစစ်ဆေးကာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးကို ကြပ်မတ်ဆောင်ရွက်၍ ကြွေးကျန်များကျဆင်းရေးနှင့် နိုင်ငံ တော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် တာဝန်ရှိသူများအနေဖြင့် လုပ်ထုံး လုပ် နည်းနှင့်အညီ အဆင့်ဆင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - YESC
- သစ္စာ(mna)


