ရန်ကုန် မေ ၁၁
နိုင်ငံတော် အစိုးရသစ်၏ ရက်(၁၀၀)စီမံကိန်း အစီအစဉ်ဖြင့် ကြံတောင်သူများ ကြံအထွက်နှုန်း တိုးတက်ပြီး ရေရှည်တည်တံ့စေရန် ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေဩဇာနှင့် မြေပြင် မြေဩဇာများ စနစ်တကျတွဲဖက် အသုံးပြုရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံ သကြားစက်ရုံ၌ ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးက ဓာတ်မြေဩဇာ များအား မလိုအပ်ဘဲ သုံးစွဲမှုများကို လျှော့ချပြီး သဘာဝမြေဩဇာများနှင့်ရောစပ်ကာ အပင်အာဟာရ လိုအပ်ချိန်တွင် ထည့်သွင်းအသုံးပြုခြင်း၊ ကြံစိုက်ခင်းမှ ထွက်ရှိလာသော ကြံရွက်ခြောက်များအား သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်း၊ သကြားစက်ရုံမှ ကြံကြိတ်ဝါး ထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖြစ်သည့် ကြံမြှုပ်ချေးများကို ကြံစိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုခြင်း၊ သစ်စိမ်း မြေဩဇာစိုက်ပျိုး၍ ထယ်ထိုး မြေမြှုပ်ခြင်းတို့ဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ဆွေးနွေးကာ ကြံသီးနှံ မျိုးသန့်ခြံ(ဥက္ကံ) တာဝန်ခံက ကြံသီးနှံမျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း တစ်ဧက တန် ၃၀ ထွက်ရှိရေး နည်းပညာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချ ရေးတာဝန်ခံက စပါးခွံမှသဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲခြင်းနှင့် ငါးအမိုင်နိုအက်ဆစ်ပြုလုပ်သုံးစွဲ ခြင်းနည်းလမ်းများ၊ Dr. Farmer (ဖိုးတောင်သူ) မြေပြုပြင်ကုမ္ပဏီမှ ဦးအောင်မြင့်သန်းက သဘာဝ မြေဩဇာနှင့် အနည်းလိုအာဟာရ ဓာတ်များ၏ အရေးပါမှုကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


