စစ်ကိုင်း၊  ၂   ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရေကြည်အရှေ့ရပ်ကွက် တောင်သူဦးစိုးဝင်း၏ ဓာတုကင်းလွတ်နည်းဖြင့် စိုက်ပျိုးလျက်ရှိသော ဆီးသီးခြံတွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တောင်သူမှ တောင်သူသို့ စိုက်ပျိုးနည်းပညာဖလှယ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

“တောင်သူ ဦးစိုးဝင်းရဲ့ ဆီးသီးခြံမှာ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးပေးပြီး ဓာတု ဓာတ်ကြွင်းတွေမရှိအောင် ဓာတုလွတ် ဆီးသီးစိုက်ပျိုးမှုကို မြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ လက်ရှိ စိုက်ပျိုးနေတဲ့ တောင်သူ ဦးစိုးဝင်း လိုက်နာကျင့်သုံးနေမှုကို အခြား ဆီးသီးစိုက် တောင်သူတွေ လိုက်နာ ကျင့်သုံးပြီး ဓာတုလွတ် ဆီးသီးတွေ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကွင်းသရုပ်ပြပွဲကို ကျင်းပတာ ဖြစ်ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဦးက ပြောပြသည်။

ဓာတုကင်းလွတ်နည်းဖြင့် စိုက်ပျိုးထုတ်လုပ်သည့် ဆီးသီးစိုက်ပျိုးရေးသည် စားသုံးသူများကို အစားအစာ လုံခြုံဘေးကင်းမှုကို ရရှိစေသည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် အချိန်ကုန်သက်သာ ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာခြင်း၊ အသီးများ၏အရည်အသွေး၊ အရသာပိုမို ကောင်းမွန် ခြင်း  စသည့် အကျိုးကျေးဇူးများကို ရရှိလျက်ရှိကြောင်း သိရသည်။

“စိုက်ပျိုးရေးပညာရှင်တွေနဲ့ ဆက်သွယ်ပြီး ဌာနရဲ့ပညာပေးမှုနဲ့အတူ ပေ ၂၀ အကျယ်ရှိတဲ့ တန်းခြား စနစ်နဲ့ စိုက်ပျိုးတယ်။ ဆီးသီးပင် တစ်ပင်နှင့် တစ်ပင်ကြားမှာရှိတဲ့ မြေလွတ်တွေအပင်ရဲ့ ဧရိယာ၊ စားသုံးနိုင်တဲ့ ဧရိယာပတ်လည်မှာ ပင်ကြွင်းပင်ကျန်တွေကိုထည့် သဘာဝမြေဆွေးလုပ်ပြီး ကျွေးတယ်။ အဲဒီလို စိုက်စနစ် တွေ၊ သွင်းအားစုံအသုံးပြုပုံတွေ ပြောင်းလဲလုပ်ကိုင်တဲ့အတွက် ဆီးသီးရဲ့အရည်အသွေး၊ အရသာတွေက စားသုံးသူတွေ လက်ခံလာတာဖြစ်ပါတယ်။ အဲဒီလို လုပ်ကိုင်လိုက်တဲ့အတွက် အချိန်ကုန် သက်သာပြီး ကုန်ကျစရိတ် သက်သာတယ်။ စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းတဲ့ အကျိုးကျေးဇူးတွေ ရတဲ့အပြင် ဝင်ငွေလည်း တိုးတက်လာပါတယ်” ဟု တောင်သူ ဦးစိုးဝင်းက ပြောပြသည်။

တောင်သူမှတောင်သူ စိုက်ပျိုးနည်းပညာ ဖလှယ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်း၊ စစ်ကိုင်းခရိုင်/မြို့နယ်တို့ရှိ စိုက်ပျိုးရေးဦးဌာနမှ ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ ဒေသခံဆီးသီးစိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)