မုံရွာ ၁၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိသော ဓာတုလျှော့ချ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ၊ သရက်၊ ပဲတီစိမ်းနှင့် နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရသည်။
သရက်သီးနှံ၊ ပဲတီစိမ်း၊ နှမ်း၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံဓာတုလျှော့ချ စိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်ကာ စားသုံးသူအများဆုံးရှိရာ မုံရွာမြို့ပေါ်ဈေးများနှင့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာများနှင့် အနီးဆုံးနေရာများတွင် အစားအစာ အဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရရရှိစေနိုင်မည့် (Food Safety Market) ဈေးကွက်တွင် ပြန်လည်ရောင်းချရန် ဖော်ဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုသုံးရက်တစ်ကြိမ် ခူးဆွတ်ပြီးဖောက်သည်စနစ်၊ ကိုယ်တိုင်ဈေးကိုသွားပြီး ရောင်းတဲ့စနစ်တွေနဲ့ လုပ်ဆောင်နေတယ်၊ ဓာတုလျှော့ချ စိုက်နည်းစနစ်က အထွက်နှုန်းအနည်းငယ်လျော့ကျပေမဲ့ စားသုံးတဲ့သူတွေအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့အတွက် ကြိုက်ပါတယ်၊ ဓာတုလျော့ချ သီးနှံဈေးကွက်တစ်ခု ပေါ်ပေါက်လာမယ် ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်၊ အခုတော့စားသုံးသူတွေက စိတ်ဝင်စားမှု နည်းနေသေးတယ်” ဟု မုံရွာမြို့နယ် သစ်ဆိမ့်ကျေးရွာမှ ဓာတုလျှော့ချ စိုက်နည်းစနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဒေါ်အေးအေးနွယ်က ပြောသည်။
မုံရွာမြို့နယ်အတွင်း အစားအစာအဆိပ်သင့်မှု အနည်းဆုံးနှင့် အာဟာရရရှိစေနိုင်မည့် (Food Safety Market) ဈေးကွက်ပေါ်ထွက်ရန် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် ဓာတုလျှော့ချနည်းဖြင့် ဟင်းသီး ဟင်းရွက်(၂၂)မျိုးကို တောင်သူ(၂၅)ဦးမှ (၃၅.၃၅)ဧကတွင်လည်းကောင်း၊ တောင်သူ(၁၂)ဦးမှ ပဲတီစိမ်းသီးနှံကို ဧက(၅၀)အကျယ်တွင် လည်းကောင်း၊ တောင်သူ(၇)ဦးမှ (၂၅)ဧကအကျယ်တွင် လည်းကောင်း၊ သရက်သီးနှံကို (၅)ဧကအကျယ်တွင် တောင်သူတစ်ဦးက လည်းကောင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


