ကျောင်းကုန်း ၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊မင်းလမ်း ဓမ္မစာဂီအုတ်တွင်း ကျောင်းတိုက်၌ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်သစ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဒက္ခိဏာရာမ ရွှေကျင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်မှ ငါးပါးသီလ ပေးခြင်း၊ ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ဖတ်ခြင်း ပြုလုပ်ခဲ့ကြသည်။
ထို့နောက် အရှေ့တောင်ထောင့်အရပ်မှ နေ့နံအလိုက် ဆရာတော်ကြီးများက မင်္ဂလာပန္နက်တော် တင်လှူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ရပ်နီးရပ်ဝေး ဒါယကာ ဒါယိကာမများကလည်း ပန္နက်တော် တင်လှူပူဇော်ခဲ့ကြသည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်သစ်ကြီးသည် အလျားပေ ၁၀ဝ၊ အနံ ၇၅ ပေ၊R C နှစ်ထပ်အဆောက်အဦဖြစ်ကြောင်း ကျောင်းအကျိုးဆောင်တစ်ဦးက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)