ဓမ္မစကူးကျောင်းက ခေါင်းလောင်းသံ

၃၀  ဇူလိုင်

ဟိုအရင်တုန်းကဆိုရင် ကလေးတစ်ယောက် လူလားမြောက်ဖို့အတွက် တစ်ရပ်လုံး တစ်ရွာလုံးက ဝိုင်းဝန်းစောင့်ရှောက်ခဲ့ကြတာ။ ကိုယ့်သားသမီး ရပ်ထဲရွာထဲသွားနေတုန်း အမြင်မတော်တာရှိရင် တွေ့တဲ့သူက ဝင်ပြီး ဆုံးမသွားတာ။ “ဟဲ့ကောင်လေး နင်ဒီလိုလုပ်တာမကောင်းဘူး”။ “ကောင်မလေး ညည်းဒီလိုမလုပ်နဲ့ဆိုတာမျိုး”။ အပြောခံရတဲ့သူကလည်း စိတ်မဆိုးသလို ကလေးရဲ့ မိဘကလည်း စိတ်မဆိုးဘူး။ ဘိုးဘွားမိဘတွေမို့၊ ရပ်ဆွေမျိုး၊ ရွာဆွေမျိုးတွေမို့ ကိုယ့်ကလေးကို လိမ္မာရေးခြားရှိစေချင်လို့ သွန်သင်ပေးကြတာပဲရယ်လို့သာ သဘောထားကြတယ်။ ကျေကျေနပ်နပ်ကြီး ခံယူကြပါတယ်။

အမြင်မတော်ရင် ဆုံးမတတ်ကြတဲ့ဓလေ့ရှိခဲ့

တစ်ခါတလေများ အမြင်မတော်လို့ဆိုပြီး ဦးကြီး ဦးလေး၊ ဘကြီးဘဒွေးတွေက ဝင်ရိုက်သွားရင်တောင် အရိုက်ခံကြရသေးတာ။ ရိုက်တဲ့သူကလည်း ဒေါသတကြီးနဲ့ ဝင်ရိုက်တာမဟုတ်ပါဘူး။ သွန်သင်ဆုံးမ ပေးလိုတဲ့ ဆန္ဒနဲ့ အထိမနာမယ့်နေရာကို ရွေးရိုက်ကြတာပါ။ မရိုက်ဘူးဆိုရင်လည်း “ဟကောင်လေး၊ မင့်သားလေးတော့ ရွာထိပ်ကကန်ပေါင်ပေါ်မှာ တောင်ပိုင်းကကလေးတွေနဲ့ ပြေးလွှားနေကြလေရဲ့၊ ဒီအတိုင်းကြီးတော့ ပစ်မထားနဲ့လေဟာ၊ ရွှံ့တွေက ချောပါဘိသနဲ့၊ မတော် ခြေချော်လက်ချော်ဖြစ်ကုန်မှဖြင့် ဒုက္ခမရောက်ပေဘူးလား” ဆိုတာမျိုးနဲ့ အိမ်အထိ လာသတိပေးတတ်ကြပါတယ်။ ဒါဆို အိမ်ကလူကြီးတွေက ပြေးရခေါ်ရပြီပေါ့။ ဒါဟာ ရပ်ရွာရဲ့ဓလေ့။ ရပ်ရွာရဲ့ အလှတရားပါပဲ။

ရွာဦးကျောင်းဆရာတော်တွေဆိုတာကတော့ မေးမနေနဲ့။ ကလေးတွေအပေါ်သာမက တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်နယ်လုံးအပေါ်မှာ ဩဇာညောင်းတယ်။ ဘယ်အသက် အရွယ်ပဲရောက်ရောက် ဆရာတော်က “ဟိုကောင်ကို ငါ့ကျောင်းလွှတ်လိုက်စမ်း” ဆိုတာနဲ့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ခပ်သုတ်သုတ်ပြေးရတာမျိုး။ မိန့်သမျှဩဝါဒကိုလည်း “တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား” နဲ့ချည်း အာမဘန္တေခံလာရတော့တာ။ ဆရာတော်တွေကလည်း ဘယ်အရာမဆို သမာသမတ်ကျကျသာ ပြောဆိုဆုံးမတတ်လေတော့ ဆရာတော်တွေရဲ့ စကားဆိုရင် ပယ်ဝံ့သူ မရှိသလောက်ပါပဲ။

နောက်ပိုင်းကာလတွေမှာတော့ ခေတ်အခါတွေပြောင်းသွားတာနဲ့အမျှ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအပေါ်မှာလည်း သဘောထားအမြင်တွေ၊ ပြောဆိုဆက်ဆံပုံတွေလည်း ပြောင်းသွားပါတယ်။ ကိုယ့်သားသမီးကို တခြားသူက ရိုက်ဖို့နေနေသာသာ ဟိုလူက ဟိုလိုပြောသတဲ့၊ ဒီလူက ဒီလိုပြောသတဲ့ဆိုတဲ့ အသံကြားတာနဲ့တင် “ဒင်းကများ ငါ့သားကို ဒီလိုပြော ရသတဲ့လားအေ” ဆိုတာမျိုးတွေ ဖြစ်လာကြတော့တယ်။ ရိုက်များရိုက်လိုက်လို့ကတော့ ရွာလူကြီးအိမ်အထိ ရောက်ကုန်ကြတော့တာပါ။ ဆရာတော့်ကျောင်းကိုလည်း သာရေးနာရေးရှိမှ ရောက်ဖြစ်ကြတော့တာမို့ ဆရာတော့်စကား နားထောင်ရကောင်းမှန်းလည်း သိပ်မသိကြတော့ပါဘူး။ မေးလျှောက်ရကောင်းမှန်းလည်း မသိတော့ဘူး။ ဆရာတော်က ဆိုဆုံးမရင်တောင်မှ “လောကီကိစ္စတွေကို အရှင်ဘုရားတို့ နားမလည်ပါဘူးဘုရား" ဆိုတာမျိုးက ပြန်ပြောလိုက်သေးတယ်။ အဓိကတင်ပြလိုတာကတော့ ဆုံးမပဲ့ပြင်ပေးမယ့်သူ နည်းပါးလာတဲ့အကြောင်းပါ။ ဟိုတုန်းကလို ကလေးတစ် ယောက်ကောင်းဖို့ တစ်ရွာလုံး၊ တစ်ရပ်လုံး ဝိုင်းဝန်းစောင့်ရှောက်တဲ့အခြေအနေတွေ နည်းပါးလာပါပြီ။ ကိုယ့်ကလေး လူတော်လူကောင်းလေးဖြစ်ဖို့အတွက် ကိုယ့်မှာပဲ အဓိကတာဝန်ရှိပါတယ်။

ကျောင်းက ဆရာများမှာလည်း ဆုံးမကြဖို့ အခက်အခဲရှိနေ

အိမ်တွေကို ပြန်ကြည့်လိုက်ပြန်တော့ လူကြီးမိဘတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ် သိပ်မအားကြတော့ဘူး။ ကလေးတွေနဲ့ လက်ပွန်းတတီးနေထိုင်ပြီး နားဝင်အောင် ဆိုဆုံးမတဲ့ အလေ့အထ သိပ်မရှိကြတော့ဘူး။

တချို့မိဘတွေကျတော့လည်း ကလေးတစ်ယောက် ပညာတတ်ဖို့၊ လိမ္မာရေးခြားရှိဖို့၊ လူတော်လူကောင်း တစ်ယောက်ဖြစ်လာဖို့ဟာ ကျောင်းကဆရာတွေမှာပဲ တာဝန်ရှိတယ်လို့ လုံးလုံးလျားလျား မှတ်ယူထားလိုက်ကြတယ်။ ကျောင်းကိုပို့လိုက်ရင် တာဝန်ကျေပြီလို့ပဲ ခံယူထားလိုက်ကြတယ်။ ကိုယ့်ကလေးက ကျောင်းမှာစာလိုက်နိုင်ရဲ့လား၊ အိမ်မှာကော စာတွေလေ့လာနေရဲ့လား၊ အားလပ်ချိန်တွေမှာ ဘာတွေလုပ်နေသလဲ၊ သူ့အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးက ဘယ်လိုရှိသလဲဆိုတာမျိုးတွေကို စိတ်ဝင်တစား မရှိတော့ဘူး။

တကယ်တမ်းကျတော့ ကျောင်းကဆရာကိုချည်း အားကိုးနေလို့ မဖြစ်ပါဘူး။ ဆရာတွေမှာလည်း သူ့အခက်အခဲနဲ့သူ ရှိနေကြပါတယ်။ သတ်မှတ်ကာလအတွင်းမှာ သင်ရိုးကုန်အောင် သင်နိုင်ဖို့ကိုက တော်တော်ကြိုးစားပြီး သင်ကြရတာပါ။ အတန်းထဲမှာ ကျောင်းသားသုံးဆယ်ရှိရင် ဒီသုံးဆယ်လုံး သင်ခန်းစာတွေ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာမှုနဲ့အတူ လိုက်ပါလာနိုင်အောင် မနည်းဆွဲခေါ် ကြရတာပါ။ ဒီလိုသင်ရင်းနဲ့ လိမ္မာရေးခြားရှိကြဖို့လည်း တတ်နိုင်သလောက်တော့ သွန်သင်နေကြတာပါပဲ။ သင်ခန်းစာတွေထဲမှာလည်း အသိအလိမ္မာ ဉာဏ်ပညာမြင့်မားဖို့အတွက် တိုက်ရိုက်အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း ထည့်သွင်းပို့ချနေကြတာပါပဲ။

ဆရာတွေရဲ့ ဆုံးမပဲ့ပြင်ခွင့်မှာ အကန့်အသတ်တွေကလည်း ရှိနေပြန်တယ်။ ဒါက မိဘများဘက်က အပိုင်းပါ။ ဘယ်ဆရာက ကိုယ့်သားသမီးကို ဘယ်လိုပြောလွှတ်လိုက်သတဲ့ ဆိုတာနဲ့ မှားသလား၊ မှန်သလား အရင်မစဉ်းစားဘူး၊ သူကများ ငါ့ကလေးကို ဒီလိုပြောရသတဲ့လားဆိုပြီး ကျောင်းအုပ်ကြီး ရုံးခန်း သွားတိုင်တော့တာပါ။ ရိုက်များရိုက်လို့ကတော့ အထက်အဆင့်ဆင့်ကိုပါ တိုင်တော့မှာ။ ဒါကြောင့် ကျောင်းတွေမှာလည်း ဘယ်ကလေးမှ ရိုက်နှက်ဆုံးမခြင်းမလုပ်ဖို့ သတ်မှတ်ချက်တွေ ထားလိုက်ကြတော့တယ်။ ဒီတော့ ကလေးတွေကို ဘယ်ပို့ရရင်ကောင်းမလဲဆိုတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

ဓမ္မစကူးကျောင်းများပေါ်ပေါက်လာ

ကလေးတွေရဲ့ အနာဂတ်ရေး စိတ်အေးနိုင်ဖို့အတွက် ရဟန်းပညာရှိ၊ လူပညာရှိတွေ ပူးပေါင်းတည်ထောင်လိုက်တဲ့ ဓမ္မစကူးကျောင်းတွေ ပေါ်ပေါက်လာပါပြီလို့ ညွှန်းဆိုလိုက်ချင်ပါတယ်။ ဒီဓမ္မစကူးတွေဟာ မိဘနဲ့ ဆရာတွေကိုယ်စား ကလေးတွေကို ကောင်းကောင်းကြီး ပြုစုပျိုးထောင်ပေးနိုင်မယ့် နေရာတစ်ခုအဖြစ် အစားထိုးနေရာယူလာကြပြီ ဖြစ်ပါတယ်။ ဒီကျောင်းတော်တွေဟာ ခေတ်စနစ်ရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ကျောင်းတော်တွေဖြစ်တယ်လို့လည်း ညွှန်းဆိုနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် ကလေးတွေကို ဓမ္မစကူးပို့သင့်တာလဲ။ ဓမ္မစကူးတွေ ဘယ်လိုပေါ်ပေါက်လာတာလဲ။ ဓမ္မစကူးရဲ့ အားသာချက်က ဘာတွေလဲ။ ဓမ္မစကူးက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမှာလဲဆိုတဲ့ မေးခွန်းတွေ မေးစရာ ရှိပါတယ်။ ဒီမေးခွန်းတွေကို သိမြင်နားလည်သမျှ တိုတိုကျဉ်းကျဉ်းနဲ့ ဖြေဆိုပေးပါ့မယ်။

မိဘတိုင်းရဲ့ ကလေးအားလုံးဟာ လိမ္မာရေးခြားရှိတဲ့ ကလေးတွေ၊ ထူးချွန်ထက်မြက်တဲ့ ကလေးတွေအဖြစ် ကြီးပြင်း လာဖို့လိုအပ်ပါတယ်။ ထူးချွန်ထက်မြက်ဖို့အတွက်ကတော့ မိဘတွေရော ကလေးတွေပါ အားလုံးဝိုင်းဝန်း ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ မနက်မိုးလင်းလာတော့ ကျူရှင်၊ ကျူရှင်က ပြန်တော့ ကျောင်းကြီးသွား၊ ကျောင်းကြီးက ပြန်လာတော့ ကျူရှင်ပြန်တက်၊ ကျူရှင်ကပြန်တော့ ညစာကျက်ဝိုင်းပြန်သွား၊ စသည်အားဖြင့် မိုးလင်းကမိုးချုပ် ဘယ်လိုမှကို မအားမလပ်နိုင်အောင် အလုပ်လုပ်နေကြပါတယ်။ ကိုယ်ပိုင်ကျောင်းတွေမှာ ထားတဲ့ကလေးတွေကျတော့လည်း ဤနည်းနှင်နှင်ပါပဲတဲ့။ တင်းကျပ်တဲ့ စည်းကမ်းတစ်ခုရဲ့ အောက်မှာ ခေါင်းထဲကို အကုန်ရိုက်သွင်းပေးလိုက်တာမျိုး။

ကလေးတွေဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်အခြေအနေအရ ကလေးတွေဟာ ထူးချွန်ထက်မြက်တဲ့ ကလေးတွေတော့ ဖြစ်လာကြပါတယ်။ ဒါပေမယ့် အတတ်ပညာပိုင်းမှာ ထူးချွန်ကြပြီး တချို့ကလေးတွေ အတွက်ကျတော့ အသိပညာပိုင်းမှာ လိုအပ်ချက်ကလေးတွေ ရှိလာပါတယ်။ ဒီကွက်လပ်ကို မိဘပိုင်းကလည်း သေချာအချိန်ပေးပြီး ဖြည့်မပေးနိုင်ကြဘူး။ ဆရာတွေဘက်ကလည်း ကိုယ့်ကျောင်းသား အမှတ်ကောင်းကောင်း ရဖို့ကိုသာ အဓိကလုံးပန်းနေရတာပါ။ ကျောင်းသားတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ ဒါကြောင့် အသိအလိမ္မာတိုးစေနိုင်မယ့် နေရာလေးတစ်ခုဆီကို ပို့ပေးဖို့ လိုအပ်လာတဲ့အတွက် ဓမ္မစကူးကျောင်းဆီ ပို့သင့်တယ်လို့ ဆိုရတာဖြစ်ပါတယ်။

ဓမ္မစကူးတွေပေါ်ပေါက်လာတာ တိုင်းပြည်အတွက်တော့ အားတက်စရာဖြစ်ပါတယ်။ အနာဂတ်သာသနာရေး အတွက်ရော နောင်ဝယ်လူကြီးဖြစ်ကြမယ့် ယနေ့လူငယ်လေးတွေအတွက်ပါ အားရကျေနပ်ဖွယ်ရာ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ၁၈၉၅ ခုနှစ်လောက်ကစလို့ အခြေခိုင်ခိုင်နဲ့တည်ရှိ နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချနေတဲ့ ဆန်းဒေးစကူးတွေကို တွေ့ရှိလေ့လာခွင့်ရခဲ့တဲ့ ဆရာလေး ဒေါ်ကေတုမာလာက ကိုယ့်နိုင်ငံမှာလည်း ဒီလိုကျောင်းမျိုးတွေ တည်ထောင်သင်ကြားရရင် ကောင်းမှာပဲဆိုတဲ့ အတွေးမျိုးဝင်လာခဲ့ပြီး ဒီအတွေးကို အကောင်အထည်ဖော်ဖို့ သံဃာတော်အရှင်မြတ်တွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ တတ်သိပညာရှင်တွေကို စုစည်းတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အားလုံးခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးမှုတွေ လေးကြိမ်လောက် ပြုလုပ်ပြီးတော့ ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဓမ္မစကူးဖောင်ဒေးရှင်းကြီး စတင်ဖွဲ့စည်းတည်ထောင်ခဲ့ ကြပါသတဲ့။

ဒီဖောင်ဒေးရှင်းကြီးရဲ့ အခြေခံမူဝါဒ (၄) ရပ်က-

(က) ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်အညီ သင်ကြားပို့ချရေး၊

( ခ ) မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရေး၊

( ဂ ) အခြားသောပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ မထိခိုက်ရေး၊

(ဃ) ပါတီနိုင်ငံရေးကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း သိရပါတယ်။

ပါတီနိုင်ငံရေးကင်းသောအဖွဲ့အစည်း

“ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုထားတဲ့ ဒီဖောင်ဒေးရှင်းကြီးက သူ့ရဲ့ အခြေခံမူဝါဒမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ မထိခိုက်ရအောင် အထူးဂရုပြု ဆောင်ရွက်နေသလိုပဲ ပါတီနိုင်ငံရေးကင်းကင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအပါအဝင် သံဃဦးသျှောင် ဆရာတော်ကြီးများရဲ့ ဩဝါဒကိုခံယူပြီး ကျမ်းတတ်အကျော် ဆရာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ် ပညာရှင်များ စုံစုံညီညီ ပါဝင်ဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခု ဖြစ်ပါတယ်။

ဒီဖောင်ဒေးရှင်းကြီးရဲ့ အားသာချက်ကတော့ ပညာရေးစနစ်လို့ ညွှန်းဆိုနိုင်မှာဖြစ်ပါတယ်။ ပရိယတ္တိနဲ့ ပတ်သက်လို့ သင်ကြားရေးစနစ်တွေ၊ ပြန်လည်ဆန်းစစ်မှုစနစ်တွေ အများကြီးရှိတဲ့အထဲကမှ ဒီဖောင်ဒေးရှင်းကြီးက ဖွင့်လှစ်ထားတဲ့ ဓမ္မစကူးကျောင်းတွေကတော့ ပညာရှင်တွေနဲ့ စနစ်တကျ ပြုစုထားတဲ့ သင်ရိုး၊ ကလေးဗဟိုပြု ချဉ်းကပ်နည်း၊ ခေတ်နဲ့လျော်ညီတဲ့ သင်ကြားနည်း၊ ကလေးရဲ့ အသက်အရွယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ရင့်ကျက်မှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် အကြောင်းအရာ၊ သင်ကြားနည်းတွေကို ရွေးချယ်အသုံးပြုထားတဲ့အတွက် အားသာချက်တွေ ရှိနေတာဖြစ်ပါတယ်။

ရက်သတ္တတစ်ပတ်မှာ တနင်္ဂနွေတစ်ရက်သာ သင်ကြားပေးတာဖြစ်တဲ့အတွက် ကျောင်းနဲ့ ကျူရှင် နပန်းလုံးနေရတဲ့ ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။ ကလေးအရွယ်နဲ့ လျော်ညီအောင် အထူးအလေးပေး စိစစ်တည်းဖြတ်ထားတဲ့ သင်ရိုးတွေ၊ ကလေးဗဟိုပြု ချဉ်းကပ်နည်းတွေကို သုံးထားတာဖြစ်တဲ့အတွက် တက်ရောက်ရတဲ့ ကလေးတွေမှာလည်း ဓမ္မစကူးကျောင်းတက်ရတာ ပျင်းရိငြီးငွေ့စရာမဖြစ်တော့ပါဘူး။ တက်ကြတဲ့ ကလေးတိုင်းပျော်ကြတဲ့ ဓမ္မစကူးတွေ ဖြစ်ပါတယ်။

အတန်းတစ်တန်းချင်းစီအတွက် သင်ကြားမယ့်အကြောင်း အရာတွေကို အဓိကနယ်ပယ်ကြီး ကိုးရပ်အပေါ် အခြေခံပြီး စီစဉ်ဆောင်ရွက်ထားပါတယ်။ နယ်ပယ်ကြီးတွေကတော့ (၁) ရတနာသုံးပါး၊ (၂) ဗုဒ္ဓဝင်၊ မင်္ဂလာတရားတော်များ၊ (၄) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဘာသာရေးလုပ်ငန်းစဉ်များ၊ (၅) ဗုဒ္ဓဘာသာ ပုဂ္ဂိုလ်ထူးများနှင့် နေ့ထူးနေ့မြတ်များ၊ သာသနာဝင်၊ သမိုင်းဝင်ပုဂ္ဂိုလ်ထူးများနှင့် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ် ထားကျင်းပပြုလုပ်သည့် နေ့ထူးနေ့မြတ်များ၊ ပွဲတော်များ၊ (၆) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လူမှုရေးကျင့်ဝတ်များ၊ (၇) ဗုဒ္ဓဝါဒ၊ (၈) အဘိဓမ္မာ၊ (၉) ရွတ်ဖတ်ပူဇော်ဖွယ်ရာ ဓမ္မရတနာဆိုပြီးတော့ နယ်ပယ်ကိုးရပ် ခွဲထားတာဖြစ်ပါတယ်။ ဒီနယ်ပယ်ကြီး တွေထဲကမှ ကလေးရဲ့အရွယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ပမာဏလောက်ကိုသာ သင်ကြားပေးကြတာ ဖြစ်ပါတယ်။

ဓမ္မစကူးကျောင်းတွေရဲ့ သင်ရိုးပြဋ္ဌာန်းစာအုပ်တွေကို လေ့လာချင်တယ်ဆိုရင်တော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန၊ ကမ္ဘာအေးဗုဒ္ဓသုတေသန စာကြည့်တိုက်ရဲ့ website ဖြစ်တဲ့ www.kbrl.gov.mm က လူငယ်ကဏ္ဍ ဗုဒ္ဓဘာသာသင်ခန်းစာ ဆိုတဲ့အထဲမှာ ဝင်ရောက်ကြည့်ရှုပြီး အခမဲ့ download ဆွဲယူဖတ်ရှုနိုင်သလို ကလေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်နေတယ်ဆိုတာကို ရုပ်သံအနေနဲ့ ကြည့်ရှုလေ့လာချင်တယ်ဆိုရင်တော့ MNTV Channel နှင့် Channel 9 မှာ ပုံမှန်ထုတ်လွှင့်ပြသနေတာကို စောင့်မျှော်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဓမ္မစကူးအကြောင်းကို ထဲထဲဝင်ဝင် လေ့လာမိလေလေ၊ ကိုယ့်သားသမီး ကိုယ့်ရင်သွေးကို ဘာကြောင့်ဒီကျောင်းကို ပို့ပေးသင့်တယ်ဆိုတဲ့အချက်ကို သဘောပေါက်လေလေ ဖြစ်လာပါလိမ့်မယ်။ ဗုဒ္ဓသာသနာပြုအဖွဲ့အစည်း ဖြစ်တယ်ဆိုသော်လည်းပဲ ဒီကျောင်းတွေက သင်ကြားပေးလိုက်တဲ့ ပုံစံတွေဟာ အဓိကအားဖြင့် ဗုဒ္ဓသာသနာတော်နဲ့ နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရန်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ လူတော်လူကောင်းကလေးများဖြစ်ကြဖို့သာ ရည်မှန်းပြီး လေ့ကျင့်ပျိုးထောင်ပေးနေကြတာ ဖြစ်ပါတယ်။ ဆောင်းပါးအစမှာ တင်ပြခဲ့တဲ့အတိုင်း ကလေးတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်ကလေးကို ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။ ပြောဆိုဆုံးမ သွန်သင်ပေးနိုင်မယ့် နေရာလေးကို တစ်ပတ်တစ်ခါ ပို့ပေးလိုက်ခြင်းအားဖြင့် ကိုယ့်ကလေးဟာ သိသိသာသာ လိမ္မာယဉ်ကျေးလာတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။

ခေါင်းလောင်းသံဆီအရောက်ပို့ကြပါစို့

ဗုဒ္ဓဘာသာအများစု ကိုးကွယ်ကြတဲ့ ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားရာ နိုင်ငံဖြစ်တဲ့အတွက် ရင်သွေးငယ် တွေကို ဗုဒ္ဓဓမ္မအမွေဖြန့်ဝေပေးနေတဲ့ နေရာဌာနပေါင်း မြောက်မြားစွာရှိကြပါတယ်။ ဒီမြောက်မြားစွာထဲကမှ ဘာဖြစ်လို့ ဓမ္မစကူးတွေကို အထူးပြုဖော်ပြညွှန်းဆိုနေရသလဲလို့မေးရင် ကလေးတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဗုဒ္ဓပညာရေးစနစ်တစ်ခုကို ဖော်ထုတ်ကျင့်သုံးနေတဲ့ နေရာဌာနတစ်ခုဖြစ်တဲ့အပြင် ဘာသာရေး၊ သာသနာရေး အတွက်သာမက လူမှုနယ်ပယ်ထဲမှာပါ အကောင်းဆုံး ကျင်လည်ဖြတ်သန်းနိုင်ကြအောင် ပြုစုပျိုးထောင်ပေးတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် အခုလို ညွှန်းဆိုတိုက်တွန်းရတာ ဖြစ်ပါတယ်။

လာပါသူငယ်ချင်း၊ ဓမ္မစကူးသွားကြမယ်၊

ဘုန်းဘုန်းတွေ့မယ်၊ ဆရာလေးတွေ့မယ်၊

ကုသိုလ်တွေရမယ်။

လာပါသူငယ်ချင်း၊ ဓမ္မစကူးသွားကြမယ်၊

ဉ်ကျေးရမယ်၊ သိမ်မွေ့ရမယ်၊ ပျော်ရွှင်သွားရမယ်။

လာပါသူငယ်ချင်း၊ ဓမ္မစကူးသွားကြမယ်၊

ဆေးရောင်ခြယ်မယ်၊ ပုံပြောပြမယ်၊ သီချင်းတွေ ဆိုကြမယ်။

လာပါသူငယ်ချင်း၊ ဓမ္မစကူးသွားကြမယ်၊

ယဉ်ကျေးရမယ်၊ သိမ်မွေ့ရမယ်၊ ပျော်ရွှင်သွားရမယ်ဆိုတဲ့ ဓမ္မစကူးကဗျာလေးကို ကလေးတွေ သံပြိုင်သီဆိုလိုက်တဲ့ အသံလေးတွေက ရုပ်မြင်သံကြားကနေတစ်ဆင့် မကြာမကြာပျံ့လွင့်လို့ လာနေပါတယ်။ ချစ်စရာဒီအသံလေးတွေနဲ့အတူ ဓမ္မစကူးကျောင်းရဲ့ ခေါင်းလောင်းသံ ချိုချိုလွင်လွင်လေးကလည်း သာယာကြည်နူးဖွယ်ရာ မြည်ဟီးလာတတ်ပါသေးတယ်။ ဒီခေါင်းလောင်းသံလေးဟာ ကြားရသမျှကလေးတွေ ကို “လာပါ၊ သင်ပါ၊ ပျော်ရွှင်ပါ” လို့ ဖိတ်ခေါ်နေသယောင် ဖြစ်နေပါတယ်။

အနာဂတ်ရဲ့ ရင်သွေးငယ်လေးတွေအတွက် ဓမ္မစကူးကျောင်းက ခေါင်းလောင်းသံလေးတွေကတော့ ချိုကြည်အေးမြစွာနဲ့ မြည်သံသာနေပြီ ဖြစ်ပါတယ်။ ပညာပြည့်ဝနှလုံးလှတဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာနိုင်ကြစေဖို့အတွက် ကိုယ့်သားသမီးလေးတွေကို ခေါင်းလောင်းသံကြားရာ အရပ်ဆီ အရောက်ပို့ပေးကြပါလို့ အနာဂတ်အရေးကို အကျိုးမျှော်ရင်း နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ ။

သိုက်စိုးထွန်း (နတ်ရွာ)