တာချီလိတ် ၁၆  အောက်တိုဘာ

 

မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံများသို့ ဒုတိယအကြိမ် ဓမ္မခရီးကြွချီမည့် သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲကို အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်လှူဒါန်းခဲ့သည်။

          ရှေးဦးစွာ မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံမှ သံဃာတော်များသည် မြန်မာ-ထိုင်း အမှတ်()ချစ်ကြည်ရေးတံတားပေါ် ထိုင်းနိုင်ငံဘက်ခြမ်း အဝင်မုဒ်ဦးမှစတင်၍ မြန်မာနိုင်ငံ ဘက်ခြမ်း တံတားပေါ်မှတစ်ဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ရှမ်းရိုးမကွင်းအထိ ကြွချီကြ ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိုဖများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတို့က ဆွမ်းဆန်တော်များကို စုပေါင်းလောင်းလှူခဲ့ကြသည်။

          ထို့နောက် ငါးနိုင်ငံက သံဃာတော်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ခြင်း၊ တာချီလိတ် ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓဂါယာမှ ပင့်ဆောင် လာသည့် မဟာဗောဓိပင်စိုက်ပျိုးခြင်း၊ လွယ်ယွန်းခမ်းစေတီတော်ကို ဖူးမြော်ခြင်း၊ တောင်တန်း သာသနာပြု(ဗဟို)ကျောင်းနှင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းသို့ အလှူငွေ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ရန်ကြွချီကြမည်ဖြစ်သည်။

          အဆိုပါ ဓမ္မခရီးကြွချီခြင်းကို မြန်မ်ာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ(၉၈၀)အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)