ကျောက်ဖြူ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများ၊ စက်ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ကာ ဓနိနှင့်ဆက်စပ်သော စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းမှာ အထူးအောင်မြင်လျက်ရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း MSME လုပ်ငန်းရှင် ဒေါ်ဟေမာစံထံမှ သိရသည်။
“လုပ်ငန်းကို ၂၀၁၈ ကတည်းက စတင်ခဲ့ပြီး ပထမတော့ နေပြည်တော်မှာ အခြေပြုခဲ့တာပါ၊ နေပြည်တော် MSME အသင်းဝင် SME အသင်းဝင် တစ်ယောက်အနေနဲ့ မြန်မာပြည်အနှံ့ကို SME ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံပြသပြီး ဒီကုန်ထုတ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်၊ ဓနိနဲ့ ပတ်သက်ပြီး ဓနိဝိုင်ရယ် ဓနိဖူးလက်ဖက်ခြောက်အပါအဝင် အမျိုးပေါင်း ၁၀ ကျော်ကို ထုတ်လုပ်နေပါတယ်၊ ဆေးဝါးအနေနဲ့ ငါးမျိုးလောက် ထုတ်လုပ်နေပါတယ်၊ ကျောက်ဖြူမြို့ မှာ အခြေပြုထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ရောင်းချလျက်ရှိပါတယ်၊ ပြည်ပအထိ ထုတ်လုပ်ဖြန့်ချိသွားဖို့လည်း ရှိပါတယ်”ဟု ဒေါ်ဟေမာစံက ပြောပြသည်။
ယခင်က ဓနိနှင့်ပတ်သက်၍ မိရိုးဖလာဓနိပေါင်းခံရည် ထုတ်လုပ်သော နည်းပညာတစ်ခုကိုသာ သိရှိထားပြီး လူမှုကွန်ရက်များမှတစ်ဆင့် ကိုးရီးယားနှင့် ဂျပန်တို့တွင် အမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်ကြောင်း သိရှိရသဖြင့် ဘိုးဘွားပိုင်ဓနိတန်းရှိသည့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ သုသေသနပြု ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဓနိပင်မှ ရရှိသည့် ဓနိဖူးများအား ခုတ်ယူ၍ သင့်တင့်သောအရွယ်အစားများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် အခြောက်ခံရရှိလာသော ဓနိဖူးခြောက်ရည်ကို သောက်သုံးခြင်းဖြင့် ကင်ဆာ၊ ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အာရုံကြောဆိုင်ရာရောဂါများအပြင် မျက်စိမှုန်၊ အဆစ်အမြစ် ရောဂါ စသော ရောဂါများပျောက်ကင်းစေပြီး မိတ်ကပ်၊ သွားတိုက်ဆေးနှင့် ခေါင်းလျှော်ရည်များအပါအဝင် ထုတ်ကုန်အမျိုးအစားပေါင်း ၁၀၀ ကျော်ထိ ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)