ရှိန်းခန့်ဇော်(ပင်းတယ)
လူသားတိုင်းတွင် အမှတ်တရ ကိုယ်စီကိုယ်စီရှိကြသည်။ အမှတ်တရဖြစ်ခဲ့သောနေ့ရက်ကို အမှတ်တရအဖြစ် မမေ့နိုင်ဘဲ ဖြစ်ကြရသကဲ့သို့ အမှတ်တရဖြစ်အောင် ကြိုးစားခဲ့သောနေ့ရက်နှင့် ကြိုးစားခဲ့ချိန်တွင် အားပေးခဲ့သော မိတ်ဆွေများကို အမှတ်ရနေတတ်ကြသည်။ လူမျိုးတိုင်း လူမျိုးတိုင်းတွင်လည်း ထိုသို့ အမှတ်တရများ ရှိနိုင်သလို တိုင်းရင်းသားတိုင်းလို အမျိုးသားနေ့ရှိကြသည်။ ထိုသို့သော တိုင်းရင်းသားများထဲတွင် ဓနုတိုင်းရင်းသားလည်း အပါအဝင်ဖြစ်သည်။
ဒီဇင်ဘာလ၏မနက်ခင်း ဆောင်းနှင်းစက်များ ကြွေဆင်းသည့် အချိန်အခါသမယ မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံနေမည့် ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၈ ရက် (၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့) တွင် ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချိုဒေသတွင် ဒုတိယ အကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ကျင်းပကြတော့မည်။
ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏ ပေါင်းစည်းသောအားဖြင့် တည်ထောင်ထားသော ပြည်ထောင်စုတစ်ခု ဖြစ်သည်ကို မြန်မာလူမျိုးများသာမက ကမ္ဘာကပါ သိကြသည်။ ထိုသို့ တိုင်းရင်းသားမျိုးနွယ်စုကြီးများကို လေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နံပါတ် (၁၀) စာရင်းဝင်ပြီး ရှမ်းပြည်နယ်တွင် လူဦးရေအများဆုံးစာရင်းတွင် နံပါတ်(၄)နေရာ၌ရှိသည့် "ဓနု” တိုင်းရင်းသားများ ကို သိကြပါလိမ့်မည်။
"ဓနုတိုင်းရင်းသား" ဟူသည် "လေးအတတ်ကိုတစ်ဖက်ကမ်းခပ် တတ်မြောက်သောလူမျိုး" ဟု သမိုင်း တွင်လေသည်။
ဓနုတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဝင်ရောက်လာသည့် လူမျိုးများဖြစ်သည်။ ဓနုလူမျိုးများသည် မြန်မာပြည်အရှေ့ခြမ်းနှင့် ရှမ်းပြည်နယ်အနောက်ခြမ်း အကြားတွင်ရှိသော တောင်မြောက်သွယ်တန်းနေသည့် ရှမ်းမြေလတ်တစ်ကြောတွင် ရှေးယခင်ကတည်းက နေထိုင် ခဲ့ကြခြင်း ဖြစ်သည်။ ဓနုလူမျိုးသည် စိုက်ပျိုးရေးနှင့် အသက်မွေးသော လူမျိုးများဖြစ်သည်။
ဓနုလူမျိုးတို့၏ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်မည်ဆိုလျှင် များစွာသော အကြောင်းကိစ္စများကို ခိုင်မာသောအထောက်အထားများဖြင့် တွေ့မြင်နိုင်သော်လည်း ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း ၁၀ ရက်နေ့)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ စာအမှတ် (၃၃/၂၀၁၀) ဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြု ပြီးသည့်နောက်ပိုင်းသို့ ရောက်သော် ဓနုလူမျိုးတို့သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး၌များစွာသော လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရသဖြင့် စည်းလုံးညီညွတ်သော လူမျိုးစုဖြစ်လာနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆ နှင့် ၂၇ ရက် (မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နတ်တော်လဆန်း ၈၊ ၉ ရက်)တို့တွင် ပင်းတယ မြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ဓနုအမျိုးသား ညီလာခံကို ကျင်းပနိုင်ခဲ့သည်။ ။
ဓနုတိုင်းရင်းသားတို့သည်ညီလာခံကို ကျင်းပရာတွင် (၁) ဓနုတစ်မျိုးသားလုံး လွှမ်းခြုံနိုင်သော ဦးဆောင်အဖွဲ့၊ (၂) ဓနုအမျိုးသားနေ့၊ (၃) ဓနုအမျိုးသားအလံ၊ (၄) ဓနု အမျိုးသားသီချင်းနှင့် (၅) ဓနုအမျိုးသား အမျိုးသမီးတို့၏ ပွဲတက်ဝတ်စုံများ ပေါ်ပေါက်လာနိုင်စေရန်ဟူသော မူငါးချက်ဖြင့် ကျင်းပနိုင်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြသည်။ ထိုညီလာခံကို ကျင်းပရာတွင်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရှမ်းပြည်နယ် မြေလတ်ဒေသ တစ်ဆက်တည်းဖြစ်သော ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ရပ်စောက်မြို့နယ်များနှင့် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများ အပါအဝင်တောင်ကြီးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ သာစည်မြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်း ပျံ့နှံ့နေထိုင်လျက်ရှိသော ဓနုတိုင်းရင်းသားများအတွက် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ခြင်းဖြစ်သည့် ပထမအကြိမ် ဓနုအမျိုးသားညီလာခံကျင်းပသည့် အခမ်းအနားသို့ဖိတ်ကြားခဲ့သည်။
ထိုသို့ ညီလာခံကျင်းပရာတွင် ပင်းတယ၊ ရွာငံ၊ ကလော၊ ရပ်စောက်၊ နောင်ချို စသည့်မြို့နယ်များမှ တစ်မြို့နယ်တွင် ၁၂၅ ဦးစီ၊ ရန်ကုန်၊ ကျောက်မဲ၊ နောင်ချိုမြို့စသည့် သုံးမြို့နယ်ပေါင်း ကိုယ်စားလှယ် ၁၂၅ ဦးနှင့်ဆက်စပ်ဒေသများမှ ကိုယ်စားလှယ် ၅ဝ စသည်ဖြင့် မဲပေးပိုင်ခွင့် ၈၀၀ ပါဝင်မဲပေးဆုံးဖြတ်ခဲ့ကြသည်။
မူငါးချက်အနက် ပထမဆုံးသော ဓနုတစ်မျိုးသား လုံးလွှမ်းခြုံနိုင်သော ဦးဆောင်အဖွဲ့ကို "ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ်" အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး (၂) ဓနုအမျိုးသားနေ့ကို ဆန္ဒမဲ ၃၁၆ မဲဖြင့် မဲအများဆုံးရရှိခဲ့သည်။ ဓနုအမျိုးသားနေ့ကို ပင်းတယနှင့် ရွာငံမြို့နယ်မှ တင်သွင်းသည့် ပထမအကြိမ် ဓနုအမျိုးသားညီလာခံကျင်းပသောနေ့ဖြစ်သည့် နတ်တော်လဆန်း ၈ ရက်နေ့ကို အတည်ပြုသတ်မှတ်ခဲ့ကြသည်။ (၃) ဓနုအမျိုးသားအလံတော်ကို တည်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ကို ရည်ညွှန်းပြီး ကောင်းကင်ကို ကိုယ်စားပြုကာ မြင့်မားစွာရပ်တည်နေသောသဘောကို ရည်ညွှန်းသည့် အပြာရောင်၊ သာသနာရောင်ဝါ လွှမ်းခြုံ၍ ထွန်းလင်းပြန့်ပွားခြင်းကို ရည်ညွှန်းသည့် အဝါရောင်၊ တိုင်းပြည်၏ အသက်သွေးကြောဖြစ်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ရိုးသားကြိုးစားစွာ လုပ်ကိုင်စားသောက်ပြီး အစဉ်စိမ်းလန်းစိုပြည်လျက်ရှိသော ဒေသအဖြစ် ရည်ညွှန်းသောအစိမ်းရောင်၊ အထက်ကောင်းကင်ယံတွင် မြင့်မားစွာဖြင့်ရပ်တည်ပြီး ရဲရင့်ပြတ်သားသော သဘောကို ရည်ညွှန်းသည့် ကြယ်နီ၊ ဖြူစင်သန့်ရှင်းသော ပင်ကိုစိတ်ထားများကို ရည်ညွှန်းသည့် အဖြူရောင်၊ အရပ်ရှစ်မျက်နှာသို့ မိမိတို့ လူမျိုးများ၏ကောင်းသော၊ ကြီးမြတ်သော ဂုဏ်သတင်းများကို ညွှန်ပြနေသည်ဟူသော ရှစ်မြှောင့်ကြယ်တို့ဖြင့် ဖော်ကျူးထားသည့် ရပ်စောက်မြို့မှ တင်သွင်းသောအလံသည် ဆန္ဒမဲ ၃၀၇ မဲ" ဖြင့် အရွေးချယ်ခံခဲ့ရပြီး (၄) ဓနုအမျိုးသားအလံတင်သီချင်းကို "တေးရေး ကမ္ဘောဇ ခွန်နောင်(နောင်ချို)ရေးသားပြီး တေးဆို ကုဋေဇော်(ခ) ချစ်သွေး သီဆိုထားသည့် သီချင်းဖြင့် ဆန္ဒမဲ ၂၄၆ မဲရရှိကာနောင်ချိုမြို့နယ်မှ" ရွေးချယ်ခံခဲ့ရသည်။ (၅) ဓနုအမျိုးသား ပွဲတက်ဝတ်စုံကို "ပင်းတယမှ တင်သွင်းသော အမျိုးသား ဝတ်စုံသည် ၁၇၅ မဲနှင့် အမျိုးသမီးဝတ်စုံကို ရပ်စောက်နှင့် ကလောမြို့များမှ တင်သွင်းသော အမျိုးသမီးဝတ်စုံမှာ ၂၄၇ မဲ" ဖြင့် ရွေးချယ်ခံခဲ့ရသည်။ ထိုသို့ဖြင့် ဒီမိုကရေစီနည်းလမ်းကျသည့် ဆန္ဒမဲပေးစနစ်ဖြင့် ကိုယ်စားလှယ် ၈၀၀ တို့မှ မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ထိုညီလာခံသည် နေရာဒေသအသီးသီးမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် လေ့လာသူများအားလုံး လူဦးရေစုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည့်ဓနုအမျိုးသားတို့၏ သမိုင်းသစ် ရေးထိုးသောနေ့ဖြစ်ခဲ့သည်။ ထိုနေ့ကို ဓနုတိုင်းရင်းသားတို့၏ အမျိုးသားနေ့အဖြစ် သတ်မှတ်အတည်ပြုခဲ့သည်မှာ မြန်မာတစ်နိုင်ငံလုံးက အသိဖြစ်သည်။ ။
ထို့ကြောင့် လာမည့် ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့သည် ဓနုအမျိုးသားနေ့ဖြစ်ပြီး နှစ်နှစ်ပြည့် သည့်နေ့ဖြစ်ရာ "နှစ်ပတ်လည်သောနေ့" ဖြစ်သကဲ့သို့ "ဒုတိယအကြိမ်ကျရောက်သော ဓနုအမျိုးသားနေ့" ဖြစ် သည်။
ဓနုလူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ပွဲများကျင်းပသည့်အခါတွင်ဖြစ်စေ၊ လုပ်ငန်းများ လုပ်ကိုင် စားသောက်ရာတွင်ဖြစ်စေ "လက်စားလျှို လက်စားဆပ်" ဟူသော ဓလေ့ရှိရာ ဓနုအမျိုးသားနေ့ကို ကျင်းပရာတွင်လည်း တစ်မြို့နယ်တည်း တစိုက်မတ်မတ်ဖြင့် ကျင်းပခြင်း မဟုတ်ဘဲ မြို့နယ်အလိုက် အလှည့်ကျစနစ်ဖြင့် ကျင်းပကြသည်။ ပထမဦးဆုံးအကြိမ်ကျရောက်သော ဓနု အမျိုးသားနေ့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ် ရွှေပွင့်လင်းဘုရားဝင်းအတွင်းတွင် တက်ရောက်သူပေါင်း နှစ်သောင်းကျော်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၈ ရက်တွင် ကျရောက်မည့် ဒုတိယ အကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကျင်းပရာတွင် ယခင်နှစ်များတွင် ထည့်သွင်းကျင်းပခဲ့သော ဓနုရိုးရာအကအလှပြိုင်ပွဲများ၊ ဓနုရိုးရာ သံချပ်ထိုး ပြိုင်ပွဲများ၊ ဓနုရိုးရာဟင်းချက်ပြိုင်ပွဲများကို အဓိကထား ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထိုသို့ ကျင်းပရာတွင် မိမိတို့ အမျိုးသားရေးကို ဓနုတိုင်းရင်းသားများအားလုံး လေးလေးနက်နက် တန်ဖိုးထားတတ်လာစေရန်၊ ဝတ်စား ဆင်ယင်မှုများ ပိုမိုတွင်ကျယ်လာစေရန်၊ မိမိတို့၏ ရိုးရာအကအလှနှင့် ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းထိန်းသိမ်း တတ်လာစေရန်၊ မိမိတို့တိုင်းရင်းသားများ၏သမိုင်းကြောင်း နှင့် မိမိတို့လူမျိုးများအတွက် ကြိုးစားခဲ့ကြသော ခေါင်းဆောင်များကို အောက်မေ့သတိရစေရန်နှင့် ခေါင်းဆောင်များ၏ စိတ်ဓာတ်ကဲ့သို့ မိမိအမျိုးကိုချစ်တတ်သော ဓနုတိုင်းရင်းသားလူငယ်များ ပေါ်ပေါက်လာစေရန် အတွက် ဓနုအမျိုးသားနေ့အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။ ။
ရိုးသားဖော်ရွေပြီး ချစ်စရာဓလေ့များနှင့် နှစ်တစ်နှစ်၏ ဆောင်းငွေ့ကို စတင်ရှုရှိုက်၊ ဆောင်းရိပ်ကို ခိုလုံတော့ မည့်အချိန် ရာသီအခါသမယ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဓနုတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဓနုအမျိုးသားနေ့ကို ဖူးတံငုံစ ချယ်ရီရနံ့များနှင့် အရပ် ရှစ်မျက်နှာတစ်ခွင်သို့ လွင့်ပျံနေမည့် ဓနုတို့၏ အိုးစည်၊ ဗုံ၊ မောင်း၊ လင်းကွင်း၊ ဝါးလက်ခုတ်သံများကို သာယာနာပျော်ဖွယ်တီးကာဖြင့် ကမ္ဘာတည်သရွေ့ မြန်မာပြည်ရှိရမည်။ မြန်မာပြည်ရှိသရွေ့ ဓနုတိုင်းရင်းသားများစည်းလုံးညီညွတ်သော အင်အားဖြင့် ခိုင်မာသော တိုင်းရင်းသားအုတ်မြစ်ကို ထူထောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းကို ချစ်စဖွယ်အလှများနှင့် သာယာလွန်းသည့် ရှမ်းမြေလတ်သို့ အလည်လှမ်းခဲ့ရန် ဖိတ်ခေါ်ရင်း ဓနုတိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်သော အင်အားဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ဆက်လက် ရှင်သန်နိုင်ရေးအတွက် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့တွင် ကျရောက်မည့် ဒုတိယအကြိမ်မြောက် "ဓနုအမျိုးသားနေ့"ကို ကြိုဆိုလိုက် ကြပါစို့.......။ ။
ကြေးမုံ


