နေပြည်တော် စက်တင်ဘာ ၁၇
ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပင်းတယမြို့၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရွာငံမြို့နယ်အတွင်း ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း လေ့လာမှုများဆောင်ရွက်ရေး၊ ကော်ဖီရာသီတွင် အချိန်မီစိုက်ပျိုး နိုင်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ဒေသခံတောင်သူများ၏ နည်းပညာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ ကော်ဖီသီးနှံစိုက်တောင်သူများအတွက် ကော်ဖီစက်ရုံများနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် အစုအဖွဲ့များ ယခုထက်ပိုမို၍ ပေါ်ပေါက်လာစေရေးနှင့် အသားစားနွားများ မွေးမြူနိုင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
ထိုမှတဆင့် ဟဲဟိုးမြို့တွင် ပုဂ္ဂလိကစက်မှုလယ်ယာဝန်ဆောင်မှုအသင်းများနှင့် တွေ့ဆုံ၍ စက်မှုလယ်ယာဝန်ဆောင်မှုအသင်းများ အားကောင်းလာစေရေး လိုအပ်ချက်များ ၊နည်းပညာ များထောက်ပံ့ပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားကြရန် နှင့် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများလက်တွေ့အသုံးဝင်သော စက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေး၊ တောင်သူများနှင့်ဝန်ဆောင်မှု လုပ်ကိုင်နေသူများ စက်ကိရိယာ တိုးတက်ပိုင်ဆိုင်ပြီး စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ စီပင်စိုက်ပျိုးရေး သုတေသနခြံသို့ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စီပင်စိုက်ပျိုးရေး သုတေသနခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် ဆည်မြောင်းနှင့်အရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ပျော်ဘွယ်မြို့) တို့ ပူးပေါင်းဆောင်ရွက်သော နေကြာသီးနှံ ရေပေးဝေမှုကို ရှင်းလင်းတင်ပြဒုတိယဝန်ကြီးကရေကိုလျော့ချချွေတာနိုင်မည့်အပြင် ကုန်ကျစရိတ် သက်သာစွာဖြင့် အထိရောက်ဆုံးရေပေးဝေရေး နည်းလမ်းများနှင့် တောင်သူများ လက်တွေ့ကျကျ ရေသွင်းစိုက်ပျိုးနိုင်သည့် နည်းစနစ်များ ရှာဖွေဖော်ထုတ်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်