ဓနုဖြူ ၁၁ အောက်တိုဘာ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်မြဲဖြစ်သော သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ လပြည့်ကျော် (၁)ရက်၊ အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ (၅) ရက်တိုင်တိုင် စည်ကားစွာသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ယနေ့ သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူများနှင့် စည်ကားလျက်ရှိသည်။

 

ေ

 


ယနေ့ သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် အစဉ်အလာမပျက် မင်းပိုင်း၊ စိန်၊ ဗန္ဓုလနှင့် အနောက်ပိုင်း သံဃာ့ဒါန ဆွမ်းလောင်းအသင်း (၄)သင်း တို့မှ အသင်းသူ/အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ် အကအလှများဖြင့် မုန့်ပွဲလှည့်လည်ကြရာ မြို့တွင်းနှင့် ကျိုက္ကလွန်းဘုရားအနီး ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသည်။

မနက်ဖြန် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင်လည်း ဦးအောင်ဇေယျ၊ မြို့မနှင့် ဈေးပိုင်း ဆွမ်းလောင်းအသင်းတို့မှ အသင်းသူအသင်းသားများက မဂ်လာစည်တော်၊ အတီးအမှုတ်အကအလှများဖြင့် လှည့်လည်သွားမည်ဖြစ်သည်။ဘုရားပွဲဈေးတန်းတွင်လည်း  ဒေသထွက်ကုန်များအဝတ်အထည်များ၊ ဒေသတွင်း မြန်မာမုန့်များနှင့် ကလေးကစားစရာများများ ဝယ်ယူသူများပြားလျက်ရှိသည်။


သီတင်းကျွတ်လပြည့်နေ့တွင်လည်း ဓနုဖြူမြို့နယ်အသင်း (ရန်ကုန်) အသင်းသူ/အသင်းသားများမှ မုန့်ပွဲများဆက်ကပ်လှူဒါန်း၍ ဓနုဖြူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း (၆၆)ကျောင်းနှင့် သီလရှင်ကျောင်း (၄)ကျောင်းမှ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် စာရေးတံမဲ ဖောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)