ဓနုဖြူ  ၄  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်မြဲဖြစ်သော သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၄၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ လပြည့်ကျော် (၁)ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဘုရားပွဲတော်ကြီးတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဇာတ်ပွဲနှင့် ချား ရဟက်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် မင်းပိုင်း၊ စိန်၊ ဗန္ဓုလနှင့် အနောက်ပိုင်း သံဃာ့ဒါန ဆွမ်းလောင်းအသင်း (၄)သင်း၊ သီတင်းကျွတ် လဆန်း (၁၄)ရက်နေ့တွင် ဦးအောင်ဇေယျ၊ မြို့မနှင့် ဈေးပိုင်း သံဃာ့ဒါန ဆွမ်းလောင်းအသင်းတို့မှ အသင်းသူ/အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ် အကအလှများဖြင့် မုန့်ပွဲလှည့်လည် ပူဇော်ခြင်းအား ယခင်နှစ်များအတိုင်း ပြုလုပ်သွားမည်ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့တွင်လည်း (၁၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား  ဓနုဖြူမြို့နယ်အသင်း (ရန်ကုန်) အသင်းသူ/အသင်းသားများမှ မုန့်ပွဲများဆက်ကပ်လှူဒါန်း၍ ဓနုဖြူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း (၆၆)ကျောင်းနှင့် သီလရှင်ကျောင်း (၄)ကျောင်းမှ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် စာရေးတံမဲ ဖောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)