ဓနုဖြူ ၁၃ အောက်တိုဘာ
ဓနုဖြူမြို့ သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအတွင်း ယနေ့ နေ့လယ် ၁၂နာရီက ဦးဖိုးရွှေတန်ဆောင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချတရားနာခဲ့ကြပြီး ဦးဖိုးရွှေ စောင်းတန်းရှေ့တစ်လျှောက် ဓနုဖြူမြို့နယ်အသင်း (ရန်ကုန်) အသင်းသူ၊ အသင်းသားများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အလှူရှင်များစုပေါင်း၍ ဓနုဖြူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၆)ကျောင်းနှင့် သီလရှင်ကျောင်း (၄)ကျောင်းမှ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့်စာရေးတံမဲ ဖောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအတွင်းတွင်လည်း သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးများဖြင့်စည်ကားလျက်ရှိပြီး ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း သီတင်းကျွတ်လပြည့်နေ့အထိ စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


