ဓနုဖြူ ၄ ဖေဖော်ဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်ခဲ့သည့် ငနီတောင် ကျေးရွာ အုပ်စု၊ သရောလှကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ လမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်က အဖွင့်အမှာစကားပြီး ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်က ကျေးရွာ တွင်း ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကဘီးလမ်း အရှည်ပေ ၃၁၈၀၊ အကျယ် ၄ ပေ၊ ၆ လက်မထု ခင်းခြင်းလုပ်ငန်း ကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၆၁ ဒသမ ၉၇၇ သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေ ၁၇ ဒသမ ၇၅ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု လူထု ဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်