ဓနုဖြူ ၂၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးအုပ်စု ၅ အုပ်စုအတွင်းရှိ ကျေးရွာ ၁၀ ရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားများကို ဇန်နဝါရီ ၂၅ ရက်တွင် ကျေးရွာများရှိ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဉီးစွာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုးထက်နှင့် ကျေးရွာတာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းထွေးက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးမှ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီမှ ယခုလို ကျေးလက်ဒေသများတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိပြီဖြစ်သဖြင့် ကျေးလက်လူနေမှုစနစ် မြင့်မားလာမည်ဖြစ်သောကြောင့် အလွန်ကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထက်ဝေဖြိုး